Singtel ရဲ့ Dash ဖြင့် ငွေလွှဲနိုင်တော့မည်


18 January, 2019

စင်ကာပူနိုင်ငံမှ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း Singtel ရဲ့ မိုဘိုင်းငွေချေနည်းလမ်း Dash က မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။ Singtal က United Nation’s Capital Development Fund (UNCDF) နဲ့ အတူလက်တွဲပြီး လုပ်ကိုင်ဖို့သုံးနှစ်သက်တမ်း ရှိတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။Dash ကနေတစ်တင့် စင်ကာပူမှ မြန်မာသို့ ငွေလွှဲတာကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်မှာ ဖြစ်ပါတယ်။ စင်ကာပူရောက် မြန်မာများ ငွေလွှဲနေကြတာမှာ လုံခြုံစိတ်ချရပြီး သက်သာစွာ တရားဝင်ငွေလွှဲနိုင်စေမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှ ငွေလက်ခံရယူမယ့်သူတွေ ငွေထုတ်ယူဖို့အတွက် ဘဏ်တွေ၊ မိုဘိုင်းငွေပေးစနစ်တွေကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ယခုအခါ မြန်မာ လူဦးရေ တစ်သိန်းရှစ်သောင်းကျော်ဟာ ပုံမှန်အားဖြင့် ငွေလွှဲပေးပို့နေကြပြီး မိုဘိုင်းဖုန်းမှာ Dash ရဲ့ App ကို အသုံးပြုပြီး Dash မှတစ်ဆင့် အလွယ်တကူ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။ ငွေလဲနှုန်းကို အဲဒီ App မှာ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးထားတာမို့ အငြင်းပွားစရာရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Singtel က ငွေပို့တာမှာ တရားအဝင် ဟွန်ဒီဖြင့် လွှဲတာဟာ စိတ်မချရကြောင်း၊ တရားဝင် ငွေလွှဲစနစ်ကို အသုံးပြုသဖြင့် လုံခြုံစိတ်ချရပြီး အကျိုးထူးပုံတွေကိုလည်း သုံးစွဲမယ့်သူတွေကို ပညာပေး အစီအစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေထံမှာ ငွေလွှဲတဲ့ပမာဏဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆. ၂ ဘီလျံ (စင်ကာပူဒေါ်လာ ၈.၃၇ ဘီလျံ) ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်များအရ ခန့်မှန်းထားပါတယ်။ ငွေလွှဲကြတာမှာ အများစုဟာ ယခုတိုင် တရားမဝင် ဟွန်ဒီပေးပို့တဲ့နည်းကို သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။

Dash ဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတွေကို ငွေလွှဲပေးတဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံကိုပါ တိုးချဲ့လုပ်ကိုင်တာ ဖြစ်ပါတယ်။

 

Banking & Loan Read 599 times