ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ၁၄/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖော်ပြအပ်ပါသည်။
ဝါးတရာ စက်မှုဇုန် ရွှေပြည်သာမြို့နယ်တွင် လုပ်ကိုင်မည့် Kai-Xin Enterprise Company Limited သည် CMP စနစ်ဖြင့် modern Furniture အမျိုးမျိုး ထုတ်လုပ်မည့် လုပ်ငန်းဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄.၅၃၂ သန်း ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သည်။
CMP စနစ်ဖြင့် artificial jewellery ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်မည့် B.C.C. Jewelry MFG. Company Ltd နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု ပြုခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ သန်း ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း ရှိ စက်မှုဇုန်တွင် လုပ်ကိုင်မည် ဖြစ်သည်။
CMP စနစ်ဖြင့် အထည်ချုပ် လုပ်ကိုင်မည့် Jun Sheng Garment Company Ltd သည် ရွှေလင်ဗန်း စက်မှုဇုန် လှိုင်သာယာမြို့နယ်တွင် လုပ်ကိုင်မည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၄၂၀ သန်း ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်မည့် 3R Non Woven Manufacture Company Limited သည် ဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုန်တွင် လုပ်ကိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ သန်း ဖြစ်သည်။ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
နှမ်းဆီ၊ နှမ်းဆီမွှေး၊ နှမ်းကွတ်ကီး ထုတ်လုပ်ရောင်းချမည့် စားသောက်ကုန်လုပ်ငန်း ဖြစ်သည့် Miyako Food Myanmar Company Limited သည် နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု ပြုခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၀.၇ သန်း ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သည်။ စက်မှု ဇုန် အပိုင်း(၁) ရွှေပြည်သာမြို့နယ်တွင် လုပ်ကိုင်မည် ဖြစ်သည်။
ဆန်ကြိတ်ခွဲထုတ်လုပ်မည့် Myanmar Agribusiness Public Company Ltd သည် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ကျပ် သန်း ၆၀၀၀ ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သည်။ စက်မှုဇုန်(၁) လှိုင်သာယာတွင် လုပ်ကိုင်မည် ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပြုခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၁၈၁၈ ခု ဖန်တီးပေးနိုင်မည်ဟု သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀လ တာ ကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ် ၁,၄၀၀ ဘီလီယံကျော်ရှိကြောင်း၊ ၎င်းပမာဏ သည် ယခင်နှစ်ကာလ တူ နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၂၀၀ ဘီလီယံ ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှသိရသည်။
ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သည့် ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍ နှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊စက်မှုဇုန်တည် ဆောက်ရေးကဏ္ဍ၊ သတ္တုကဏ္ဍ နှင့် လျှပ်စစ်ကဏ္ဍ တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
By Myanmar Industry Guide