၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မတိုင်မီကြားခြောက်လအတွက် ကျပ်ဘီလီယံ ၂၀၀ ကျော်သုံးစွဲရန်လျာထား


07 December, 2017

ရန်ကုန်တိုင်းဒေသကြီး တွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မတိုင် မီ ကြားကာလခြောက်လအတွက် အရအသုံးမှန်းခြေငွေစာရင်းအရ ကျပ်ဘီလီယံ ၂၀၀ ကျော် သုံးစွဲရန်လျာထားကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြကြောင်းသိရပါသည်။

၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ စက်တင်ဘာအထိ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သစ်အဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်ခဲ့သောကြောင့် လာမည့်နှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလ အဖြစ် ဖြည့်စွက်အသုံးပြုရန် လိုအပ်နေ၍ သီးခြားခြောက်လအတွက် ဘတ်ဂျက်ရေးဆွဲတင်ပြခြင်းဖြစ်သည်။

၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ်ဘီလီယံ ၂၁၂ ဒသမ ၂၄ သုံးစွဲရန်လျာထားကြောင်း ဝန်ကြီးကပြောကြားပါသည်။

ဘတ်ဂျက်ကို ရေးဆွဲတဲ့အခါတွင် အကုန်လုံး မည်သည့်လမ်းများပြင်မည်၊ မည်သည့်တံတားများ ဆောက်မည်၊ ရေရရှိရေးကို မည်သို့ဆောင်ရွက်မယ်ဆိုတာများကို ပြည်သူတွေအားလုံး ပွင့်လင်းမြင်သာစွာ သိရှိနိုင်မည့် ဘတ်ဂျက်ကိုလည်း ဦးတည်ဆောင်ရွက်နေပါသည်ဟု ပြောကြားခဲ့ပါသည်။

ယင်းဘတ်ဂျက်ထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူသုံးစွဲမည့်ငွေသည် ကျပ်ဘီလီယံ ၁၅၀ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်၃၁ ဘီလီယံကျော်၊ စည်ပင်သာယာရေးအဖွဲ့က ကျပ်ခုနစ် ဘီလီယံကျော်၊ အထွေထွေအုပ် ချုပ်ရေးဌာနများက ကျပ်ငါးဘီလီယံကျော်၊ လမ်းဦးစီးဌာနက၄,၆၇၀ ဒသမ ၄၇ သန်း စသည်တို့ သုံးစွဲရန် လျာထားသတ်မှတ်ထား ကြောင်း ဝန်ကြီးက ရှင်းပြသည်။

၂၀၁၈ ဧပြီမှ စက်တင်ဘာ ခြောက်လအတွက် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့် မှန်းခြေ ငွေစာရင်းလျာထားချက်ကို လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ရန် ဆွေးနွေးမည့် ကိုယ်စားလှယ်များက ဒီဇင်ဘာ ၅ ရက် ကစ၍ အမည်စာရင်ပေးသွင်းရ မည်ဖြစ်သည်။

Source:seven day newspaper

Local News Read 666 times