ရိုးမဘဏ်နှင့် MC Easy Microfinance ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် ခြောက်ခုရှိ အသေးစားနှင့် အ လတ်စားလုပ်ငန်းများသို့ ချေးငွေပေးရန် ကျပ်လေးဘီလီယံတန်ဖိုးရှိ ငွေကြေးသဘောတူညီမှုနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုးမဘဏ်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ချေးငွေပေးမည်
ယင်း အဖွဲ့အစည်းနှစ်ခု သည် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ မွန်နှင့် ကရင် ပြည်နယ်တို့ရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းသုံးသောင်းခန့် ကို လုပ်ငန်းတိုးချဲ့နိုင်စေရန် ချေးငွေပေးမည်ဖြစ်သည်။ ယင်းသဘောတူညီချက်ကို စက်တင်ဘာနှင့် အောက်တိုဘာတွင် လက်မှတ်ရေးထိုးခဲ့သည်။
‘‘ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးငွေ ကြေးသဘောတူညီမှုတွေ လုပ် ဆောင်ခဲ့တဲ့ ရိုးမဘဏ်ရဲ့ ၁၀ ခု မြောက် အသေးစားငွေချေးလုပ် ငန်းအဖွဲ့အစည်းတစ်ခုအဖြစ် ပါ ဝင်လာတဲ့ Easy Microfinance နဲ့ ပူးပေါင်းမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ထင်ဟပ်စေမှာဖြစ်ပါတယ်’’ ဟု ရိုးမဘဏ်ဥက္ကဋ္ဌနှင့် CEO တို့၏ အထူးအကြံပေး Hal Bosher က ပြောသည်။
လက်ရှိ ချေးငွေဝန်ဆောင်မှု
လက်ရှိတွင် Easy Microfinance သည် ၎င်းတို့ဝန်ဆောင်မှုပေးနေသည့် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရုံးခွဲ ၁၂ ခုဖွင့်လှစ် ထားပြီး အသင်းသား ၇၀,၀၀၀ ကို ချေးငွေဝန်ဆောင်မှု ပေးနေသည်။
Easy Microfinance
Easy Microfinance သည် ချေးငွေထုတ်ပေးရာ၌ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်အာမခံရန် လိုအပ်သည့် ကျပ် ၁၀ သိန်းအထိ လိုအပ်ချက်ရှိသည့် စီးပွားရေးလုပ်ငန်းငယ်များကို အဓိကထားသည့် အဖွဲ့လိုက်ချေးငွေနှင့် ကျပ်သိန်း ၁၀၀ အထိ လိုအပ်ချက်ရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို အဓိကထားသည့် တစ်ဦးချင်းချေးငွေဟူ၍ သတ်မှတ်ကာ ဝန်ဆောင်မှုပေးနေသည်။
‘‘ရိုးမဘဏ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရခြင်းဟာ Easy Microfinance ရဲ့လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နိုင်မှာပါ။ ဒါ့အ ပြင် အသေးစားလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ အဓိကလိုအပ်ချက်ဖြစ်တဲ့ ချေးငွေဝန်ဆောင်မှုတွေကို ပိုမိုများပြားတဲ့ အသင်းသားတွေကို ပေးအပ်နိုင်မှာပါ’’ ဟု Easy Microfinance မန်နေဂျင်းဒါရိုက်တာ Frank Snieders က ပြောသည်။
7 day