SME အသေးစား အလတ်အစား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက်ကို ရန်ကုန်တိုင်းဒေသကြီးမှာ အထူးသဖြင့် အထူးအားပေးလျက်ရှိကြောင်း သိရပါသည်။
အသေးစားအလတ်အစား စီးပွားရေးလုပ်ငန်းများ စာရင်းကောက်ရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ဖွဲ့စည်းပေးထားပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀၀၀ ကျော်ကို စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း သိရပါသည်။
စစ်တမ်းများကောက်ယူတဲ့ လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ဗဟိုစာရင်းအဖွဲ့တို့ ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်ငန်းများကို စာရင်းကောက်ယူလျက်ရှိပြီး SME နဲ့ပတ်သက်သောမှတ်ပုံတင်နဲ့ စိစစ်ရေးကဒ် များကို ထုတ်ပေးဖို့စီစဉ်လျက်ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် နှစ်စဉ်စီမံကိန်းများချ ပြီးဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်ပေးရန်နှင့် ဆင်းရဲနွမ်းပါးမှု အတတ်နိုင်ဆုံးလျှော့ချပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၇-၂၀၁၈ ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံ မှု ဥပဒေအရ ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက် ၁၂၁ ခုရှိကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုချက်အရ လုပ်ငန်းအရေအတွက် ၃၃ ခုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၅၉၄ ဘီလျံကျော်ရှိပြီး အလုပ်အကိုင်အခွင့်အ လမ်းအနေဖြင့် ၆၈၀၉၇ ဦး အလုပ်အကိုင်ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
အလားတူ အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိမှာဖြစ်ပြီး အထူး စီးပွားရေးဇုန်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအကုန် ထိခွင့်ပြုပြီးသားကုမ္ပဏီ ၉၀ ကျော်ရှိကာ ပထမနှစ်အတွင်းတွင် အလုပ်ခန့်ထားရန် ရည်ရွယ်ထားသည့် အလုပ်သမားအရေအတွက် ၁၅၅၇၂ ဦးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လူမှုဘဝဖွံဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲနွှမ်းပါးမှု လျှော့ချစေရန်အတွက် အသေးစားငွေရေးကြေးရေးဥပဒေအရ ပြည်သူများအတွက် လိုအပ်ချက်နှင့်ကိုက်ညီသည့် ချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း သိရပါသည်။