အသေးစား စက်သုံးဆီ အရောင်းဆိုင်များ မကွေးတိုင်းအတွင်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ


14 March, 2018

မကွေးတိုင်းဒေသကြီးအတွင်း၌ ကျေးလက်တောရွာများတွင် အသေးစား စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါသည်။
ကျေးလက်တောရွာများတွင် လယ်ယာသုံး စက်ကိရိယာများ၊ မော် တော်ယာဉ်၊ ဆိုင်ကယ်များ တွင်ကျယ်စွာအသုံးပြုလာကြသဖြင့် စက်သုံး ဆီလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယခုကဲ့သို့ စီစဉ်ဆောင် ရွက်ပေးခြင်းဖြစ်ပါသည်။

ယနေ့ခေတ် ကျေးလက်တောရွာတွေမှာ ဆိုင်ကယ်တွေ၊ ကား တွေ၊ လယ်ယာသုံးကိရိယာတွေများလာ၍ ရွာတွေမှာ ရေသန့် ဘူးခွံလေးနဲ့ ဓာတ်ဆီရောင်းတာလေးကိုတောင် ထောင်ချတာတွေ ထိရှိနေတော့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အနေဖြင့် မီနီပန့်အသေးစာများဖြင့် စက်သုံးဆီရောင်းချခွင့်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

ယခင်အစိုးရလက်ထက်က ပန့်အသေးများဖြင့် စက်သုံးဆီရောင်း ချခွင့်ကိုခွင့်မပြုဘဲ တရားဝင်စက်သုံးဆီအရောင်းဆိုင်များကို ပန့် အကြီးများဖြင့်သာ ရောင်းချခွင့်ပြုနေသည်ကို တွေ့ရှိရကြောင်း၊ ကျေး ရွာများတွင် စက်သုံးဆီအရောင်းဆိုင်များကို ရောင်းချခွင့်ပြုသည့်အခါ ကျေးရွာနှင့်ကိုက် ၁၀ဝ၀ ကျော်ကွာဝေးပြီး မီးရေး၊ ထင်းရေး၊ စိတ်ချ ရသည့် နေရာများ၌သာ တည်ဆောက်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။

ရွာများတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ နွားစာစဉ်းစက်တွေနဲ့ ရေစုပ်စက်တွေအပြင် မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေလည်း ပေါများလာ၍ စက်တွေမှာအသုံးပြုဖို့ စက်သုံးဆီတွေ ဝယ်ထား ကြရပြီး လှောင်ခွင့်မပြုတာကို ခိုးဝှက်ပြီး လှောင်ထားတာတွေရှိကြောင်း၊ နွေရာသီ မီးဘေးအန္တရာယ်အလွန်ပဲ စိုးရိမ်ရကြောင်း၊ ရွာများတွင်လည်း ဘူး၊ ခွက်နဲ့ ခိုးရောင်း တာတွေလည်းရှိသလို စက်သုံးဆီလိုအပ်ရင် မြို့သွားပြီး စက်သုံးဆီဆိုင်ကြီးတွေမှာ ဝယ်ယူရကြောင်း၊ စည်းကမ်းတကျနဲ့ ကျေးရွာတွေမှာ စက်သုံးဆီဆိုင် လေးတွေဖွင့်ခွင့်ပေးရင် ရွာထဲမှာ သိုလှောင်တာတွေ၊ ရောင်းချတာတွေ လျော့နည်းသွားနိုင်ကြောင်း မင်းဘူးမြို့နယ် မောင်းမကန်ကျေး ရွာနေလူတစ်ဦးက ပြောခဲ့ပါသည်။

 

Local News Read 1106 times