စမတ်ကျွန်း ခရီးသွားလုပ်ငန်း ဖွင့်လှစ်ထားသော်လည်း ခရီးစဉ် မရောင်းချသေး


15 January, 2021

တနင်္သာရီတိုင်းဒေသကြီးတွင်မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း ( Community Based Tourism- CBT ) နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် စမတ်ကျွန်း ရေပေါ်တံတား (Floating Jetty) တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း လတ်တလောတွင် ခရီးစဉ်များအားရောင်းချခြင်းမရှိသေးကြောင်း၊ COVID-19 အလွန်တွင်မှသာ စတင်ရောင်းချမည်ဖြစ်ကြောင်း မြိတ်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောသည်။

“မြန်မာနိုင်ငံမှာ CBT အနေနဲ့ ကျွန်းအခြေခံတဲ့ ခရီးသွားလုပ်ငန်းလုပ်တာက ကျွန်တော်တို့က ပထမဆုံးပေ့ါ။ ကျွန်းအခြေခံရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနဲ့ စမတ်ကျွန်းရေပေါ်တံတားတွေကို ဖွင့်လိုက်ပေမယ့် ခရီးစဉ်တွေကတော့ COVID-19 အလွန်မှာ စရောင်းမှာပါ။ တခြားဒေသက လာတဲ့ ဧည့်သည်တွေက Quarantine ဝင်ရတော့ ခရီးစဉ်မရောင်းသေးပါဘူး။ တနင်္သာရီတိုင်းဒေသကြီးအတွင်းကတော့ Quarantine ဝင်စရာမလိုတော့ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ လည်ပတ်လို့ရပါတယ်။ အခုတော့ ဖွင့်စဆိုတော့ လည်ပတ်သူသိပ်မရှိသေးပါဘူး’’ ဟု ၎င်းကဆိုသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ခဲ့သည့် ဒုံးညောင်းမှိုင်း ကျေးရွာသည် မြိတ်မြို့မှ ရေမိုင် ၄၈ မိုင်ခန့်ကွာဝေးကာ ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်တွင်တည်ရှိပြီး Speed Boat ဖြင့် နှစ်နာရီခန့်သွားရသည့် ကျွန်းရွာ တစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာအနီးတွင် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများပြီး မြိတ်ခရိုင်၏ အဓိက ကျွန်းအပန်းဖြေခရီးစဉ်ဖြစ်သည့် ကျောက်စရစ်ကမ်းခြေနှင့် သဲတန်းကမ်းခြေတည်ရှိသော စမတ်ကျွန်းတွင် ရေပေါ်တံတား( Floating Jetty ) ဆောင်ရွက်ထားရာ ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ဒုံးညောင်းမှိုင်းကျေးရွာ( CBT )တွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ နှင့် လူမှုဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ ကရွတ်လှေများလှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်းငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းလေ့လာ ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၎င်းအပြင် ဒုံးညောင်းမှိုင်းကို အခြေပြု ၍ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစားနေသည့် စမတ်ကျွန်းနှင့် အခြားကျွန်းများသို့ ဒေသခံများ၏ မော်တော်ဘုတ်များ၊ Speed Boat များဖြင့် သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ရေပေါ်တံတားက ဧည့်သည်အတက်အဆင်းအဆင်ပြေအောင် လုပ်ထားတာပါ။ အလျားက ၂၈၅ပေ၊ အနံက၇ ပေခွဲ ရှိပါတယ်။ တီပုံစံလုပ်ထားတဲ့တံတားပါ။ ဒီတံတားရှိတော့ ခရီးသည်တွေ ကျွန်းပေါ်တက်ရ၊ ဆင်းရ အဆင်ပြေသွားပါတယ်။ အရင်ကတော့ ရေထဲကနေတက်ရတော့ လှိုင်းရှိတော့ အန္တရာယ်ရှိတယ်’’ ဟု ၎င်းကဆက်ပြောသည်။

(Xinhua)

Local News Read 320 times