သဘာဝအတိုင်းရှိနေသေးသော မြိတ်ကျွန်းစု၏ နာမည်ကြီးကမ်းခြေတစ်ခုဖြစ်သည့် စမတ်ကျွန်း (ပါပန့်ကျွန်း) ကျောက်လုံးကမ်းခြေကို ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုမှ ကျပ် ၇၅၀၀ သန်းဖြင့် ရင်းနှီးမြှုပ်နှံသွားရန် တိုင်းအစိုးရထံ တင်ပြထားကြောင်း သိရသည်။
ကမ်းလှမ်း
******
မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး ကျေးရွာအုပ်စုတွင်တည်ရှိသည့် စမတ်ကျွန်း (ပါပန့်ကျွန်း) ကျောက်လုံးကမ်းခြေကို Aquamarine Ecotourism Development Co.Ltd မှ (Smart Island) ကို ခရီးသွားဇုန်အဖြစ် ဧက ၄၁ ကို တည်ဆောက်ရန် လျှောက်ထားပြီး၊ ကျပ် ၇၅၀၀ သန်းနဲ့ ရင်းနှီးမြှုပ်နှံသွားရန် ကမ်းလှမ်းထားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် ကျွန်းအသုံးပြုခွင့် လျှောက်ထားသည့် ကုမ္ပဏီမှ အကြံပေး ဒေါ်ဝင့်သန္တာဦးက “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ ဒီစမတ်ကျွန်းမှာ ဧက ၄၁ ကို လျှောက်ထားပါတယ်၊ ဒီအထဲကမှ လာမဲ့ ခရီးသွားရာသီမှာ စနိုင်ဖို့၊ ကျွန်းပေါ်မှာ ဧည့်သည်တွေ စိတ်ချမ်းသာစွာနဲ့ နားနေနိုင်ဖို့အတွက် ကနဦးအနေဖြင့် ရေ၊ မီး၊ အိမ်သာခန်းတွေကို ဆောက်လုပ်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားတယ် ” ဟု ပြောသည်။
ရှင်းလင်းပြသ
******
အဆိုပါ Smart Island Project နှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းတွင် မြိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ မြိတ်ခရိုင်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အား ကျွန်းပေါ်တွင် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရှင်းလင်း ပြသခဲ့သည်။
ယင်း စီမံကိန်းထဲတွင် ဟိုတယ်လုပ်ငန်းများ၊ ရေငုပ်ခြင်းလုပ်ငန်း၊ သဘာဝအခြေခံသည့် ခရီးသွားလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ စမတ်ကျွန်းတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၁၄ ခုနှစ်က MIC တွင် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောသည်။
Public Zone
******
မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းတွေဘက်ကမူ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခြင်းထက် Public Zone အနေဖြင့် ကျွန်းကို ထားရှိစေချင်သည်ဟု ဆိုသည်။
မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှ ဦးခင်မောင်ညိုက” မြိတ်ဒေသမှာရှိတဲ့ ကျွန်းတော်တော် များများကို ပုလဲက လက်ဦးမှုယူထားတာ ရှိတယ်၊ တခြားကုမ္ပဏီအကြီးတွေ လက်ဦးမှုယူထားတာလည်း အများကြီးပဲ ။ မြိတ်ဒေသခံတွေ လုပ်နေတဲ့ တစ်ပိုင်တစ်နိုင် SME ခရီးသွား ကုမ္ပဏီတွေက လုပ်ဖို့ နေရာမရှိမှာ စိုးလို့ ဒီ Smart ကျွန်းကို အသင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ မြိတ်ဒေသခံ အများပိုင်အနေနဲ့ ဖြစ်ဖြစ်၊ Public Zone ထားရှိပြီး သုံးစေချင်တာ ဒေသခံတွေရဲ့ ဆန္ဒပါ။ ကျွန်းကို အသင်းနေနဲ့ လျှောက်ပြီး၊ ဟိုတယ်ခရီးဌာနရဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ကိုင်မယ်ဆိုရင် ဒီကျွန်းရဲ့အလှအပ ပျောက်ပျက်မှု မရှိဘူး။ Smart ကျွန်း အခြေပြုပြီး ဒေသခံတွေ လူနေမှု အဆင့်အတန်း အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။
နစ်နာမှု
******
မြိတ်ကျွန်းစုအတွင်းရှိ ဒေသခံခရီးသွားလုပ်ငန်းရှင်များက အပန်းဖြေကျွန်းများကို ဖော်ထုတ်၍ ခရီးသည်များကို ပို့ဆောင်၍ နာမည်ရလာသည့်အခါ အခြားနေရာများမှ ကုမ္ပဏီများက လက်ဦးမှု ရယူကာ ကျွန်းအပန်းဖြေ စခန်းများ တည်ဆောက်ရန် တိုင်းအစိုးရကို လျှောက်လာခြင်းကြောင့် ဒေသခံလုပ်ငန်းများ နစ်နာမှုရှိလာကြောင်း သိရသည်။
“ကျွန်တော်တို့ အသင်းအနေနဲ့ သဘောမကျပါဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ တစ်ဦးတစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးတာထက် အစုအဖွဲ့အနေနဲ့လုပ်နိုင်တဲ့ ဒေသခံလုပ်ငန်းရှင်တွေကို ဦးစားပေးလုပ်ခိုင်းစေချင်ပါတယ်”ဟု မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။
စမတ်ကျွန်း
******
စမတ်ကျွန်းသည် ဧရိယာအားဖြင့် (၅၄၅.၀၆) ဧက ခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ပေ ၂၀၀၀ ခန့် ရှည်လျားသော ကျောက်စရစ်ကမ်းခြေတစ်ခုနှင့် တောင်ဘက်တွင် ပေ ၆၀၀ ခန့်ရှည်လျားသော သဲဖြူ ကမ်းခြေ ၃ ခု တည်ရှိသည်။
ကျွန်း၏ အရှေ့ဘက်တွင် နှစ်ဘက်လှကျွန်း၊ အနာက်ဘက်တွင် ပဒန်းကျွန်း၊ မြောက်ဘက်တွင် ကွမ်းရွက်ကျွန်း၊ တောင်ဘက်တွင် ဒါန်းကျွန်းတို့ တည်ရှိကာ မြိတ်မြို့မှ ရေမိုင် ၅၆ မိုင်ခန့်သာ ကွားဝေးပြီး တနင်္သာရီ ကမ်းရိုးတန်း၏ လှပရှည်လျားသောသဲတန်းဖြူများ၊ ကြည်လင်စိမ်းလန်းသောရေပြင်၊ အလွန်လှပသော ရေအောက်ရှုခင်းများ၊ သန္တာကျောက်တန်းများ၊ မျိုးစိတ်ပေါင်းများစွာသော ရေနေသတ္တဝါများဖြင့် ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကျွန်းတစ်ကျွန်း ဖြစ်သည်။
Mizzima