ဗဟိုဘဏ်မှ SME လုပ်ငန်းများအတွက် နိုင်ငံခြားဘဏ်များမှ တစ်ဆင့် ချေးငွေ ပေးသွားမည်
နိုင်ငံခြားဘဏ်များက ပြည်တွင်း ဘဏ်များမှတဆင့် SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း) များကို ထပ်ဆင့်ချေးငွေ (Two- Step Loan) ထုတ်ပေးနိုင်ရေးအတွက် ဗဟိုဘဏ်က စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စသည် ပြည်တွင်းဘဏ်များနှင့် ညှိနှိုင်းရန်လိုအပ်ပြီး အတိုးနှုန်း သက်သက်သာသာဖြင့် ချေးပေးနိုင်ရေးအတွက်လည်း စီစဉ်ထားကြောင်း၊ ပြည်တွင်းဘဏ်များ လုပ်သာကိုင်သာရှိစေရေးအတွက် လက်ရှိတွင် အတိုးနှုန်းကိုကန့်သတ်ထားသည့် အချို့သော အချက်များကိုလည်း ဖြေလျှော့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားပါသည်။
SMEs များနှင့်ပတ်သတ်၍ ပြည်တွင်းဘဏ်များက ကျယ်ကျယ်ပြန့်ပြန့် မချေးပေးနိုင်ကြောင်းသိထားပြီး ထိုတစ်ခုတည်းနှင့် နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့်ပေး၍ မရသေးကြောင်း၊ အတိုးနှုန်း အသက်သာဆုံးနှငြ့် ချေးပေးနိုင်ရန်ပြည်တွင်းဘဏ်များက နိုင်ငံခြားဘဏ်များထံမှ ၈ ရာခိုင်နှုန်းနှင့် ချေးပေးနိုင်ရန် စဉ်းစားနေကြောင်းသိရပါသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်း စျေးကွက်ထဲသို့ ဝင်ရောက်လာပါက အတိုးနှုန်းသက်သာစွာဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို ငွေချေးမည်ဟု ထင်နေကြသော်လည်း လက်တွေ့တွင် အမှန်တကယ် ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း၊ပြည်တွင်းလုပ်ငန်းများ၏ အခြေအနေကိုကြည့်ကာ ဆုံးရှုံးနိုင်ခြေ ပမာဏကို ကာမိစေရန်အတွက် ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းထက် အနည်းငယ်သာ လျော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ််မှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားထားပါသည်။
တစ်ဆင့် ချေးငွေပုံစံမျိုးနှင့်လုပ်မှ ပိုအဆင်ပြေမည်ဖြစ်ပြီး အကယ်၍ နိုင်ငံခြာဘဏ်များနှင့် JV (ဖက်စက်) လုပ်နိုင်မည်ဖြစ်ပါက ဘဏ်အငယ်လေးများကလည်း SME များကို ပိုချေးလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လက်ရှိတွင် နိုင်ငံခြားဘဏ်များက ပြည်တွင်းဘဏ်များမှတစ်ဆင့် စီးပွားရေးလုပ်ငန်း အကြီးစားများကိုသာ ချေးငွေ ထုတ်ချေးခြင်းနှင့် နိုင်ငံခြားကုမ္ပဏီများကို ချေးငွေချပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များကလည်းနိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက အတိုးနှုန်းမြင့်နေသည့်အတွက် နိုင်ငံခြားဘဏ်များထံမှ တိုက်ရိုက်ငွေချေးလိုကြပါသည်။
ပို့ကုန်များများတင်ပို့ချင်ပါက ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် အရင်းအနှီးလိုအပ်ကြောင်းနှင့် နိုင်ငံခြားသားများ အတိုး ၂ ကျပ်ခန့်နှင့် အလုပ်လုပ်နေချိန်တွင် မိမိတို့မှာ အတိုးနှုန်း ၁၃ ကျပ်နှင့် အလုပ်လုပ်နေရသောကြောင့် အတိုးနှုန်းချပေးရန်လိုအပ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားကြောင်း သိရပါသည်။
Source:the voice