SME ဖွံ့ဖြိုးရေးဘဏ်မှ ပုံစံနှစ်မျိုးဖြင့် ချေးငွေများထုတ်ပေးနေ


11 June, 2018

SMIDB ဘဏ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ SME လုပ်ငန်းရှင်များကို လက်ရှိအချိန်အထိ ချေးငွေကျပ် ၉ ဒသမ ၆၃ ဘီလျံအထိ ထုတ်ချေးထားပြီးဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) ၏ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

SME လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးပေးရာတွင် အာမခံပစ္စည်းအလိုဘဲ ချေးငွေထုတ်ချေးပေးခြင်း စသည့်ပုံစံ နှစ်မျိုးဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။

SME လုပ်ငန်းရှင် ၃၀ ကို အာမခံပစ္စည်းမလိုဘဲ ချေးငွေပမာဏ ကျပ်သိန်း ၆၃၀ အထိ ထုတ်ချေးပေးထားကြောင်း သိရပါသည်။

ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ SMEလုပ်ငန်းရှင်များကို အာမခံပစ္စည်းထားရှိကာ ချေးငွေထုတ်ချေးထားသော ပမာဏသည် ကျပ် ဘီလျံ ၉၀ အထိရှိကြောင်း သိရပါသည်။

ယခင်ကထုတ်ချေးပေးထားသော လုပ်ငန်းအမျိုးအစားများသည် စက်မှုလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်းစသည့် လုပ်ငန်းပေါင်း ၁၀ ခုကို ထုတ်ချေးထားခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ ချေးငွေရရှိထားသည့် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနက် စက်မှုလက်မှုလုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများသို့ ချေးငွေအများဆုံး ထုတ်ချေးထားကြောင်း သိရပါသည်။

၂၀၁၇ ဒီဇင်ဘာလအတွင်း သိရသောစာရင်းများအရ SMIDB ဘဏ်မှ လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ပေးထားမှုအခြေအနေမှာ စက်မှုလက်မှုလုပ်ငန်း ၁၇၀ သို့ ကျပ်သန်း ၈၄၉၉ ကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းများသို့ ကျပ်သန်း ၄၇၀၀ ကျော်၊ ဆီစက်လုပ်ငန်း ၃၉ ခုသို့ ကျပ်သန်း ၁၃၀၀ ကျော်၊ သစ်စက်လုပ်ငန်း ၃၀ သို့ ကျပ်သန်း ၉၀၀ ကိုလည်းကောင်း အသီးသီးထုတ်ချေးထားကြောင်း သိရပါသည်။

ထို့အပြင် ရေသန့်လုပ်ငန်းရှစ်ခုသို့ ကျပ် ၆၇၈ သန်းကိုလည်းကောင်း၊ အထည်ချုပ်လုပ်ငန်း ၅ ခုသို့ ကျပ် ၃၁၅ သန်းကိုလည်းကောင်း၊ ဆေးဝါးလုပ်ငန်းတစ်ခုသို့ ကျပ်သန်း ၅၀ ကိုလည်းကောင်း၊ လူသုံးကုန်လုပ်ငန်း ၃၂ ခုကို ကျပ်သန်း ၁၉၀၀ ကျော်ကိုလည်းကောင်း၊ စက်ရက်ကန်းလုပ်ငန်း ၁၀ ခုကို ကျပ်သန်း ၃၀၅ ကိုလည်းကောင်း အသီးသီးထုတ်ချေးခဲ့ကြောင်း သိရပါသည်။

 Daily Eleven

Banking & Loan Read 762 times