အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ မြန်မာ့စီးပွားရေးဘဏ်မှာ နှစ်ဆင့်ထုတ်ချေးငွေလျှောက်ထားနိုင


08 May, 2019

မြန်မာ့စီးပွားရေးဘဏ်ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ရဲ့ အထောက်အပံ့ဖြင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး နှစ်ဆင့်ထုတ်ချေးတဲ့ချေးငွေ (JICA MSME Two- Step Loan)ကို ထုတ်ချေးပေးနေပါတယ်။

MSME လုပ်ငန်းရှင်တွေဟာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို အာမခံအဖြစ်ပေးအပ်ပြီး JICA MSME Two-Step Loan ချေးငွေကို အတိုးနှုန်း ၈.၅% နဲ့ နှစ်လတ်ချေးငွေ သုံးနှစ်မှ ငါးနှစ်အထိ ချေးယူနိုင်မှာဖြစ်ပါတယ်။ ချေးငွေအများဆုံးသန်း ၅၀၀ ထိ ထုတ်ချေးနိုင်ပါတယ်။

အာမခံပစ္စည်း လုံလောက်စွာ မပေးနိုင်ခြင်းနဲ့ လုံးဝမပေးနိုင်တဲ့ လုပ်ငန်းများအတွက် မြန်မာ့အာမခံလုပ်ငန်းရဲ့ Credit Guarantee Insurance (CGI) စနစ်နဲ့ ချေးငွေလျှောက်ထားရယူနိုင်ပြီး အဲဒီချေးငွေအပေါ်အတိုးနှုန်း ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအတွင်း Credit Rating ပေါ်မူတည်ပြီးတော့ သတ်မှတ်ထုတ်ချေးနေပါတယ်။

မြန်မာ့အာမခံလုပ်ငန်းရဲ့ CGI အာမခံရယူထုတ်ချေးခြင်းအတွက် အပေါင်ရှိ CGI ဖြစ်ပါက ပရီမီယံကြေး ၂ ရာခိုင်နှုန်း၊ အပေါင်မဲ့ CGI ဖြစ်ပါက ပရီမီယံကြေး၃ ရာခိုင်နှုန်းကို ငွေချေးသူက ပေးဆောင်ရမှာဖြစ်ပါတယ်။ CGI စနစ်နဲ့ ထုတ်ချေးငွေကို အများဆုံးကျပ်သိန်း ၂၀၀ အထိ သတ်မှတ်ထားပါတယ်။

ထုတ်ချေးငွေများထဲမှ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို ပုံသေရင်းနှီးငွေ (Fixed Capital)နဲ့ အများဆုံး ၂၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များရဲ့လှည့်လည်ရင်းနှီးငွေ (Working Capital) အဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။

ပုံသေရင်းနှီးငွေကို စက်ရုံ၊ အလုပ်ရုံ များ ဆောက်လုပ်ခြင်း၊ စက်ပစ္စည်း၊ စက်ကိရိယာများဝယ်ယူခြင်းစတဲ့ ပုံသေပိုင်ပစ္စည်းတွင် ရင်းနှီးရန်ဖြစ်ပြီး မြေဝယ်ယူခြင်း ဒါမှမဟုတ် မြေအသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့်ဆောင်ရွက်ရာမှာ ရင်းနှီးခွင့်ပြုမှာမဟုတ်ပါဘူး။

JICAMSME Two-Step Loan ချေးငွေရယူလိုသော MSME လုပ်ငန်းရှင်များအနေနဲ့ မိမိတို့နီးစပ်ရာမြို့နယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲများကို ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပါတယ်။

The Mirror

Banking & Loan Read 2852 times