SME တွေကို ဖိစီးနေတဲ့ ကွန်တိန်နာစရိတ်မြင့်မားမှု တရုတ်အစိုးရ ကိုင်တွယ်မည်


29 August, 2021

ပို့ကုန်သွင်းကုန်တွေအတွက် ကွန်တိန်နာ အလုံလောက်မရရှိခြင်း၊ ကွန်တိန်နာခနှင့် သယ်ပို့စရိတ်များ တရားလွန် မြင့်မားနေခြင်းတို့က အသေးစားနဲ့ အလတ်စားလုပ်ငန်းများ SMEs တို့အပေါ် ဖိစီးနေတာကို တရုတ်နိုင်ငံက ကိုင်တွယ်ဖြေရှင်းမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ပေးသွင်းမှု ကွင်းဆက်မှာ ကွန်တိန်နာ ပြဿနာကြောင့် ကသောင်းကနင်းဖြစ်ပြီး အကြီးအကျယ် ဒုက္ခရောက်နေကြတာကို တရုတ်အစိုးရက လေ့လာဆန်းစစ် အဖြေရှာပြီး ပြည်ပပို့ကုန်လုပ်ငန်းတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ 

အာရှမှ အမေရိကန် အရှေ့ဘက်ကမ်းခြေသို့ ကွန်တိန်နာပို့ဆောင်ရေးစရိတ်က လွန်ခဲ့တဲ့နှစ် အလားတူကာလထက် ယခုအပတ်မှာ ၄၄၂ % မြင့်တက်နေပြီး ပေ၄၀ ကွန်တိန်နာတစ်လုံး အမေရိကန်ဒေါ်လာ ၂၀,၀၅၇ ကျသင့်ပါတယ်လို့ အမေရိကန်အခြေပြု ကုန်စည်ပို့ဆောင်ရေး ခြေရာကောက်လုပ်ငန်း Freightos က ဆိုပါတယ်။  

စံချိန်တင်မြင့်မားနေတဲ့ ရေကြောင်းပို့ဆောင်ရေးစရိတ်တွေ၊ သယ်ပို့ပေးနိုင်တဲ့ပမာဏ မလုံလောက်တွေက တရုတ်ကုမ္ပဏီတွေမှာ ကပ်ရောဂါတစ်ခုလို ဒုက္ခပေးနေတာ နောက်နှစ်အထိ ဆက်လက်ဒုက္ခပေးနေဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။ 

စီးပွားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gao Feng က “ပို့ဆောင်ပေးနိုင်တဲ့ ပမာဏက ကျပ်တည်းနေတယ်။ ရေကြောင်းသယ်ပို့စရိတ်တွေက မြင့်မားနေတယ်။ အဲဒါတွေက တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ထူးခြားဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်” လို့ ပြောကြားပါတယ်။ 
အစိုးရ ဝန်ကြီးဌာနတွေနဲ့ လက်အောက်ရှိ ဌာနတွေ ပေါင်းစုပြီး ကွန်တိန်နာတွေ ပိုမိုရရှိလာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက အတည်ပြုပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင်လည်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး တက်တက်ကြွကြွဖြင့် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

China Merchants Energy Shipping မှ မန်နေဂျာ  Liu Chunting က နှုန်းထားတွေ အနည်းဆုံး နောက်ထပ် ခြောက်လ ဆက်လက်မြင့်မားနေဦးမယ်လို့ ခန့်မှန်းပါတယ်။ “အစိုးရဖြစ်ဖြစ် တရုတ်ကုမ္ပဏီဖြစ်ဖြစ် ဈေးနှုန်းတွေ ဆက်လက်မြင့်နေမယ်ဆိုတာကို စိတ်ထဲမှာ ပြင်ဆင်ထားဖို့ လိုမယ်” လို့ သူက အကြံပြုတယ်။

ရေကြောင်း သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်း  Drewry  က World Container Index ၃၆၀% ယခင်နှစ်ထက် ပိုမြင့်နေခဲ့တာ သီတင်းပတ် ၁၈ ပတ်ဆက်တိုက် ပိုတိုးလာနေခဲ့တယ်လို့ ဆိုပါတယ်။

China Waterborne Transport Research Institute  မှ ဒုဥက္ကဋ္ဌ Jia Dashan က ၂၀၁၆-၁၉ ကာလနှုန်းထားအနိမ့်ဆီ ပြန်ရောက်ဖို့ ခဲယဉ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်စည် သယ်ယူလိုမှုနဲ့ သယ်ယူပေးနိုင်စွမ်းတို့ အဆင်ပြေပြေ ဖြစ်နေချိန်မှာတောင် အဲဒီကာလ ဈေးနှုန်း ပြန်မရောက်ခဲ့တာ ထင်ရှားတဲ့ သာဓကဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ 

သင်္ဘောအသစ်တွေ မှာကြားထားတာ ရေချပြီး သယ်ယူပို့ဆောင်ဈေးကွက်ထဲကို ၂၀၁၄ ခုနှစ် ဝန်းကျင် ရောက်ရှိလာကြတဲ့အခါ ဈေးနှုန်းတွေ ကျဆင်းသွားမယ်လို့ အာမခံချက် မရှိဘူးလို့ Guangzhou Port Group ရဲ့ အထွေထွေမန်နေဂျာ Song Xiaoming က ပြောကြားပါတယ်။

တရုတ်အစိုးရအနေဖြင့် မိုးထိအောင် မြင့်တက်နေတဲ့ သယ်ယူပို့ဆောင်စရိတ်နှုန်းထားတွေနဲ့ လုံလောက်သော သယ်ယူပို့ဆောင်ပေးနိုင်စွမ်း မရှိခြင်းတို့က တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေအတွက် အဓိကကျတဲ့ အန္တရာယ်ကြောင်း အသိအမှတ်ပြုထားပါတယ်။ အထူးသဖြင့် အရွယ်အစား ငယ်တဲ့ ကုမ္ပဏီတွေအဖို့ အနာဂတ် အမှောင်ကျနေစေတယ်။ စီးပွားရေးဝန်ကြီး  Wang Wentao က “ပြည်ပတင်ပို့မှု ကြီးထွားနှုန်း နှေးကွေးလာတာ ဒုတိယနှစ်ဝက်မှာ တွေ့ရတယ်။ လာမယ့်နှစ်မှာ အခြေအနေက ပြင်းထန်လိမ့်မယ်” လို့ ပြောပါတယ်။ 
တရုတ်နိုင်ငံက လစဉ်ကွန်တိန်နာ ထုတ်လုပ်မှုကို ၁၅၀ % တိုးမြှင့်ထားပြီးသား ဖြစ်ပါတယ်။ ပေ ၂၀ ကွန်တိန်နာအရ တွက်ချက်ရင် လုံးရေ ၅၀၀,၀၀၀ ကျော်တဲ့ညီမျှတဲ့ ထုတ်လုပ်မှုပမာဏဖြင့် ထုတ်လုပ်နေတာ စံချိန်တင် ထုတ်လုပ်မှု ဖြစ်ပါတယ်။ 

 China Merchants Energy Shipping မှ Liu ရဲ့ အဆိုအရ အဓိကပြဿနာတစ်ခုက ဆိပ်ကမ်းတွေမှာ ကိုဗစ် ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေ တင်းကျပ်ထားပြီး ဆိပ်ကမ်း အသုံးပြုတဲ့ သင်္ဘောအရေအတွက်နဲ့ ကွန်တိန်နာ အရေအတွက်တို့ကို အကန့်အသတ်မရှိ လက်ခံနေတာကြောင့် ဆိပ်ကမ်းတွေမှာ ကျပ်စို့မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတယ်။  အလျှော့အတင်းမရှိတဲ့ ပြဋ္ဌာန်းချက်များ အများအပြား ရှိနေတာမှာ ucleic acid test ကို အလုပ်ချိန်အတွင်းမှာသာ စစ်ဆေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးတွေက အလုပ်နှောင့်နှေးကြန့်ကြာစေပါတယ်။ တစ်လကြာသည်အထိ စောင့်ပေးနေရတဲ သင်္ဘောတွေ ရှိနေစေတယ်။ ဒီတော့ သယ်ပို့ပေးနိုင်စွမ်းတွေ အလဟဿ ဖြစ်နေစေတယ်။ “ကျွန်တော်တို့က အစိုးရ၊ ဒေသအာဏာပိုင်တွေနဲ့ ဆိပ်ကမ်းကုမ္ပဏီတွေကို စီမံမှုအပိုင်း တိုးတက်ကောင်းမွန်‌အောင် လုပ်ဖို့ တောင်းဆိုထားတယ်” လို့ သူက ပြောပါတယ်။

ဩဂုတ်လလယ်တုန်းက ဆိပ်ကမ်းလုပ်သားတစ်ဦး ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့လို့ ကမ္ဘာ့တတိယ အလုပ်အများဆုံး ကွန်တိန်နာဆိပ်ကမ်း Ningbo-Zhoushan ကို ပိတ်ထားတာ နှစ်ပတ်ကြာမြင့်ခဲ့ပါတယ်။ 
ကမ္ဘာ့ကွန်တိန်နာ ရျေ့လျားမှုက မေလတုန်းက ရှန်ကျန်းမြို့မှ Yantian Port တစ်လကြာ ပိတ်ခဲ့စဉ်က ကမောက်ကမတွေ ဖြစ်ခဲ့တဲ့ ဒဏ်က အခုအထိ အရှိန်မပြေသေးပါဘူး။ 
“ကိုရိုနာဗိုင်းရပ်စ်က သန္ဓေပြောင်း ဇီဝမျိုးကွဲတွေ ဆက်ထုတ်နေတော့ ဘာတွေ ဖြစ်လာမလဲဆိုတဲ့ မသေချာမရေရာတာ ကြီးမားလွန်းနေတယ်” လို့ China Waterborne Transport Research Institute မှ Jia  က ပြောပါတယ်။ ကပ်ရောဂါကြောင့် ဆိပ်ကမ်းကျပ်စို့မှု ဖြစ်ပွားပြီး ကွန်တိန်နာတွေ သုံးစွဲထားမှု အချိန်တွေ ပိုကြာမြင့်နေရသဖြင့် ကွန်တိန်နာ မလုံလောက်တဲ့ ပြဿနာ ဖြစ်ပေါ်နေစေတာကိုလည် သူက အသိအမှတ်ပြုပါတယ်။ 
Jia ရဲ့ အဆိုအရ ပင်လယ်သမုဒ္ဒရာထဲ ရွေ့လျားနေရမယ့် ကွန်တိန်နာတွေရဲ့ ဆိပ်ကမ်းပိတ်ကျပ်မှုကြောင့် ဆိပ်ကမ်းမှာ သောင်တင်နေကြတယ်။ ကွန်တိန်နာလိုအပ်ချက်ရဲ့ ၃၀% ကို ဖြည့်ဆည်းပေးနိုင်မယ့် ကွန်တိန်နာတွေက ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းအသုံးပြုဖို့ စောင့်ဆိုင်းနေကြရတဲ့ သင်္ဘောတွေဆီမှာ အိပ်ပျော်နေကြတယ်။ အဲဒီလို ကြာမြင့်မှုကြောင့် သင်္ဘောခတွေ ဈေးတက်တယ်။ ကွန်တိန်နာခတွေ ဈေးတက်တယ်။ 
အခုလို အခြေအနေကို ထိန်းကျောင်းဖို့ ဆောင်ရွက်တာမှာ ကုန်သွယ်ဖက် နိုင်ငံတွေမှာလည်း အလားတူ အရေးတယူ ဆောင်ရွက်မှုတွေ ရှိမှ အောင်မြင်မယ်လို့ သူက သုံးသပ်ပါတယ်။ 

scmp.com
 

Global News Export, Import Read 323 times