မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းများအတွက် FDA အသိအမှတ်ပြု လက်မှတ်ရရှိရန်အတွက် လျှောက်ထားရာတွင် အချိန်နှင့် လုပ်ငန်းစဉ်ကြန့်ကြာမှုက အဓိကအခက်အခဲတခု ဖြစ်နေကြောင်း သိရသည်။
“မန္တလေးတိုင်းမှာ ထုတ်နေတဲ့ SMEs စားသောက်ကုန်လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က FDA မရသေးပါဘူး။ ငရုတ်သီးမှုန့်တို့၊ လက်ဖက်တို့လောက်ပဲ ရပါသေးတယ်။ အဲဒီအတွက် ဒီလုပ်ငန်းစဉ်က လွယ်ကူချောမွေ့မယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက်သာမက အများပြည်သူကျန်းမာရေးအတွက်ပါ အထောက်အကူအများကြီးဖြစ်စေမှာပါ” ဟု မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ SMEs ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။
အသေးစားအလတ်စားစားသောက်ကုန်လုပ်ငန်းများ(SMEs) အတွက် FDA အသိအမှတ်ပြု လက်မှတ်ရရှိရန် လျှောက်ထားတင်ပြရသည့်အဆင့်များ များပြားခြင်း၊ အချက်အလက်ပြည့်စုံပါက ၎င်းကုန်စည်အား နေပြည်တော်သို့ပို့၍ စစ်ဆေးခံရခြင်းနှင့် အချက်အလက်များမှန်ကန်ပြည့်စုံပြီး နေပြည်တော်မှ အတည်ပြုချက်ရမှသာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း ဖြစ်ရာ အချိန်ကာလအားဖြင့် ၆ လမှ ၁ နှစ်အထိ ကြာမြင့်ကြောင်း အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းများမှ သိရသည်။
တိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေကလည်း “FDA ဆိုတာကလည်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ဖြစ်တော့ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ဖို့က ကျနော်တို့အချင်းချင်းထက် တိုင်းအစိုးရက ညှိနှိုင်းပေးမှသာ လုပ်ငန်းရှင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ကျော်လွှားအောင်မြင်မှာဖြစ်ပါတယ်” ဟု စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခြေအနေ နှင့် စိန်ခေါ်မှုများဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၎င်းက “SMEs လုပ်ငန်းငယ်တွေမှာ အဲဒီလိုလက်မှတ်ရဖို့ လုပ်နိုင်စွမ်း မရှိတဲ့အတွက် FDA ဘက်က အချိန်ဇယား တခုသတ်မှတ်ပေးပြီး ဘယ်အချက်တွေကို ဘယ်လိုလုပ် ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ဇယားလေး လုပ်ပေးရင် ပိုလွယ်ကူမြန်ဆန်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းစုစုပေါင်း ၄ ထောင်ကျော်ရှိပြီး ၎င်းအနက် ၆၀ ရာခိုင်နှုန်းသည် စားသောက် ကုန်ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်ပြီး နိုင်ငံတွင်း အသေးစားအလတ်စားလုပ်ငန်း အများဆုံး တည်ရှိနေသည့် ဒေသတခုဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သည် အများ ပြည်သူကျန်းမာရေးအတွက် အရည်အသွေးစိတ်ချရသည့်ဆေးဝါး၊ အစားအသောက် များအား ဓာတ်ခွဲ စမ်းသပ်စစ် ဆေးကာ အရည်အသွေးပြည့်မှီပါက အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသည့်လုပ်ငန်းကို တာဝန်ယူထားသည့်ဌာနတခုဖြစ်သည်။
ထို့အတူ အရည်အသွေးစစ်ဆေးအသိအမှတ်ပြုပေးမည့် FDA ဓာတ်ခွဲခန်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်း ၃ နေရာတွင်သာ တည်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ယမန်နှစ်က ရေးဆွဲခဲ့သည့် တိုင်းစီးပွားရေးမူဝါဒတွင် SMEs၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတို့ကို အခြေခံရေးဆွဲထားပြီး တိုင်းစီးပွားရေး ဖွံ့ဖြိုးလာရန် ၎င်းကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ရာ အထက်ပါလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို လျှော့ချရန် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
irrawaddy