ဘဏ်မှ SME ချေးငွေရယူလိုသူများလုပ်ဆောင်ရမည့်အချက်များ
=========
ချေးငွေပမာဏ ကျပ်သိန်းငါးထောင်အထိ အများဆုံးလျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်းအများဆုံး ၅ နှစ်အထိသည့် အခွင့်အရေးဖြစ်သော SME JICA နှစ်ဆင့်ချေးငွေသည် တစ်နှစ်လျှင် အတိုး ၈.၅ % သာ ရှိသဖြင့် တစ်လ တစ်ကျပ်တိုး မပြည့်ချေ။ ထို့ကြောင့် အထူးသက်သာချောင်ချိသောရေး စီမံကိန်း ဖြစ်သည်ဟု ဆိုထားသည်။ ချေးငွေအတွက် အာမခံအပေါင်ပစ္စည်းအနေဖြင့် မြေ၊ အဆောက်အဦတို့ကိုမထားဘဲ ချေးငွေအာမခံ (CGI-Credit Guarantee Insurance) ဖြင့်လည်း ချေးယူနိုင်သည်။ ထိုအကြောင်းကို မတင်ပြခင် သာမန် SME ချေးငွေဖြစ်သည့် SME CGI ချေးငွေအကြောင်းကို တင်ပြလိုပါသည်။
SME CGI ချေးငွေ
============
CB ဘဏ်မှ ဆောင်ရွက်လျက်ရှိသော SME CGI ရယူလိုသူ လုပ်ငန်းရှင်တစ်ဦးအတွက်
လုပ်ကိုင်ရမည့် လုပ်ထုံးလုပ်နည်း အဆင့် ၆ ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အဆင့်(၁) Customer မှ SME ဖွံ့ဖြိုးတိုး တက်ရေးဌာနသို့ SME အသိအမှတ်ပြုထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း။
အဆင့်(၂) SME ဖွံ့ဖြိုးတိုးတက်ရေးဌာန Customer သို့ SME အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
အဆင့်(၃) Customer မှ CB ဘဏ်သို့ SME CGI ချေးငွေ လျှောက်ထားခြင်း။
အဆင့်(၄) CB ဘဏ်မှ မြန်မာ့အာမခံလုပ်ငန်းသို့ ချေးငွေအာမခံ(CGI) ထုတ်ပေးခြင်း။
အဆင့်(၅)မြန်မာ့အာမခံလုပ်ငန်းမှ CB ဘဏ်သို့ ချေးငွေအာမခံ (CGI) ထုတ်ပေးခြင်း။
အဆင့်(၆) CB ဘဏ်မှ Coustomer သို့ SMEချေးငွေထုတ်ပေးခြင်း။
SME CGI ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင် လုပ်ငန်းသက်တမ်း အနည်းဆုုံး ၂ နှစ် ရှိရမည်ဖြစ်ပြီး ဘဏ်တွင် တင်ပြရမည့် စာရွက်စာတမ်းများမှာ
● လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်
● ပြီးခဲ့သည့် (၂)နှစ်စာ၏ လုပ်ငန်းဘဏ္ဍာ ရေးရှင်းတမ်းနှင့် ရှေ့လာမည့်ဘဏ္ဍာရေး(၁)နှစ်စာ ခန့်မှန်းခြေအရှုံးအမြတ်စာရင်း
● SME Customer ၏ အနာဂတ်လုပ်ငန်း စီမံကိန်း(Future Business Plan)
● လုပ်ငန်းရှင်မှ ချေးငွေရရှိပြီးပါက ဝယ်ယူမည့်စက်ပစ္စည်းစာရင်း (Quotation) နှင့် အဆောက်အဦဆောက်လုပ် တိုးချဲ့မည်ဆိုပါက(Estimate plan)
● ပြီးခဲ့သည့် (၂) နှစ်စာ လုပ်ငန်းဝင်ငွေခွန် ပြေစာ
● SME လုပ်ငန်း၏ လစဉ်ဘဏ်စာရင်း (Monthly Bank Statement)
● SME Development Center မှ ထုတ် ပေးသည့် SME အသိအမှတ်ပြုထောက်ခံချက်
● လုပ်ငန်းဓာတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ တွင်း)
SME JICA နှစ်ဆင့်ချေးငွေ
================
SME JICA ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်အနေဖြင့် ကိုက်ညီပြည့်စုံရမည့် အချက်အလက် အင်္ဂါရပ်များမှာ
● အနည်းဆုံးသက်တမ်း ၂ နှစ်ရှိပြီးဖြစ်သည့် SME လုပ်ငန်း။
● စက်ရုံအဆောက်အအုံ၊ စက်ပစ္စည်း၊ စက်ယန္တရားကဲ့သို့ ရွှေ့ပြောင်းမရသော ပုံသေရင်းနှီးမြှုပ်နှံမှု စီမံကိန်းရှိသည့် SME လုပ်ငန်း။
● SMEအနာဂတ်လုုပ်ငန်းစီမံကိန်း(Future Business Plan)report ။
● စီမံကိန်းအတွက် ချေးငွေကို အသုံးချရန် ရည်ရွယ်ထားသည့် အသေးစိတ်စာရင်း။
● ပြီးခဲ့သည့် ၂ နှစ် လုပ်ငန်းဘဏ္ဍာရေးစာရင်းများ၊ လုပ်ငန်း ဝင်ငွေခွန်ပြေစာ။
● SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသိအမှတ်ပြုထောက်ခံချက်
သို့မဟုတ် မြို့တော်စည် ပင်သာယာရေးကော်မတီ (YCDC)မှ ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်။
● အာမခံပစ္စည်းပိုင်ဆိုင်မှု သို့မဟုတ် CGI
Japan International Cooperation Agency (JICA)မှ ချေးငွေအမျိုးမျိုး ထုတ်ချေးပေးနိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိရာ၌ တစ်မျိုးမှာ ယခု တင်ပြခဲ့သည့် နှစ်ဆင့်ချေးငွေ two-step loans (TSL) ဖြစ်သည်။ နှစ်ဆင့်ချေးငွေဟု ခေါ်ဆိုရသည်မှာ ချေးငွေ ရယူသည့် SME လုပ်ငန်းရှင်ထံသို့ ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းစဉ်တွင် ငွေရေးကြေးအရေး အဖွဲ့အစည်း အနည်းဆုံးနှစ်ခုနှင့် အထက်ကို ဖြတ်သန်းရသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း ငွေကြေးအဖွဲ့အစည်းဖြစ်သည့် ဘဏ်၏ လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်စွမ်း ပိုမိုအားတောင့်တင်းသွားစေသည်။ သို့ဖြစ်ရာ တိုင်းပြည်စီးပွားရေး တစ်ရပ်လုံးအနေဖြင့် ကြည့်လျှင် ငွေကြေးဘဏ္ဍာရေးအပိုင်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေပေသည်။ JICA သည် နှစ်ဆင့်ချေးငွေကို ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တီမော၊ ဗီယက်နမ် နိုင်ငံတို့တွင် SME များအတွက် ထုတ်ချေးပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် JICA နှစ်ဆင့်ချေးငွေများကို SME များထံသို့ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၆ ခု ဖြစ်သော SMIDB, MAB, AYA, CB, MCB နှင့် KBZ တို့မှ တစ်ဆင့် တစ်နှစ်အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိသည်။
JICA စိုက်ပျိုးရေးချေးငွေကို MADB တစ်ဆင့် ထုတ်ချေးခဲ့ရာ နှစ်တိုးကို ၂၀၁၄ ခုနှစ် မေလအထိ ၈.၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် မေလအထိ ၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လမှ စ၍ ၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ချေးငွေများ ထုတ်ချေးပေးခဲ့သည်ဟု သိရသည်။ ယခု ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၇-၁၈ ခုနှစ်တွင် လယ်ယာသုံးစက်ကိရိယာများ ၀ယ်ယူရန် နှစ်ဆင့်ချေးငွေ ထုတ်ချေးခြင်းဖြစ်ပြီး နှစ် ၄၀ စီမံကိန်း ဖြစ်သည်ဟု သိရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအနေဖြင့် ချေးငွေများ ထုတ်ချေးခဲ့သည်ဟု သိရသည်။ လယ်ယာကဏ္ဍတွင် MADB တစ်ခုတည်းဖြင့် လုံလောက်မှု မရှိသဖြင့် ပုဂ္ဂလိကကဏ္ဍမှ ဘဏ်များမှ အခွင့်အလမ်းကောင်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ပုံစံ-၇ ဖြင့် ငွေချေးခြင်း ရှိသော်လည်း အကန့်အသတ်ဖြင့်သာ လုပ်ကိုင်နိုင်ကြသည်ဟု သိရသည်။