ဂျာမနီဘဏ်နှင့်စီဘီဘဏ်ပူးပေါင်းဆောင်ရွက်မည့် SME ချေးငွေစီမံကိန်းသြဂုတ်လတွင်စတင်မည်


13 July, 2017

ပြည်တွင်းရှိ SME လုပ်ငန်းရှင်များသို့ ဂျာမနီ KfW ဘဏ်နှင့် CB ဘဏ်တို့ပူးပေါင်းထုတ်ချေးမည့် ယူရို ၃ ဒသမ ၃ သန်းချေးငွေပရောဂျက်ကိုလာမည့်သြဂုတ်လတွင်စတင်မည်ဟုသိရသည်။

ဂျာမနီအစိုးရပိုင်ဖွံ့ဖြိုးရေးဘဏ်တစ်ခုဖြစ်သည့် KfW ဘဏ်သည်အဆိုပါချေးငွေပရောဂျက်အတွက် ၄ ဒသမ ၄၅ သန်းပံ့ပိုးမည်ဖြစ်ပြီးနည်းပညာအကူအညီများအတွက် ၁ ဒသမ ၁၅ သန်းအသုံးပြုမည် ဖြစ်ကာအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ SME ကိုငွေထုတ်ချေးရန် ၃ ဒသမ ၃ သန်း အသုံးပြုမည်ဖြစ်သည်။

ယင်းဘဏ်နှစ်ခုပူးပေါင်း၍ SME လုပ်ငန်းများကိုချေးငွေထုတ်ပေးမည့်ပရောဂျက်တွင် လုပ်ငန်းတစ်ခုလျှင်အများဆုံးကျပ်သိန်းတစ်ထောင်အထိချေးငွေရယူနိုင်မည်ဖြစ်ပြီးလုပ်ငန်း အမျိုးအစားပေါ်မူတည်၍ အတိုးနှုန်းထားများကွဲပြားမှုရှိကာအနည်းဆုံး ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိရှိနိုင်ကြောင်းနှင့် ပြန်ဆပ်ကာလသည်လည်းသုံးနှစ်မှငါးနှစ်အထိရှိနိုင်ကြောင်း ဦးဖေမြင့်က ပြောသည်။

လက်ရှိ CB ဘဏ်ကမြန်မာ့အာမခံနဲ့ပေါင်းပြီးချေးပေးနေသည့် CGI ချေးငွေထက်အတိုးနှုန်းပို နည်းပြီးတော့ချေးငွေပမာဏပိုပြီးရနိုင်သည့် KfW ဘဏ်နှင့်ပူးပေါင်းပြီးချေးသည့်ချေးငွေပရောဂျက်ဟာ SME လုပ်ငန်းများအတွက်ပိုပြီးအဆင်ပြေနိုင်ကြောင်းမန္တလေးတိုင်း SMEဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌကပြောသည်။

လက်ရှိတွင် CB ဘဏ်အနေ ဖြင့်မြန်မာ့အာမခံလုပ်ငန်းနှင့်ပူးပေါင်းကာ SME လုပ်ငန်းများအား အပေါင်ပစ္စည်းမလိုဘဲအာမခံစနစ်ဖြင့်ငွေချေးပေးသည့် CGI ချေးငွေကိုအတိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် အများဆုံးကျပ်သိန်းနှစ်ရာအထိထုတ်ချေးပေးနေသည်။

သို့သော်မြန်မာ့အာမခံသို့အတိုးနှုန်း ၃ ရာခိုင်နှုန်းပေးရသဖြင့်ချေးငွေအတိုး ၁၆ ရာခိုင်နှုန်းအထိရှိနေ၍ အတိုးနှုန်းကြီးမြင့်နေသောကြောင့် SME လုပ်ငန်းများအတွက်အဆင်မပြေမှုများရှိနေကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။

Source:7daydaily

Banking & Loan Read 3902 times