မြန်မာနိုင်ငံရှိ SME ချေးငွေအတိုင်းအတာ


19 October, 2018

နိုင်ငံ၏စီးပွားရေးလုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပါဝင်မှုသည် ၉၉ ရာခိုင်နှုန်းခန့်ထိရှိသည်ဟု အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးအသိုင်းအဝိုင်းတို့က အမြဲတစေပြောခဲ့သည်။ သို့ဖြစ်ရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံစီးပွားရေး တိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) များရင်ဆိုင်နေရသော အခက်အခဲများအနက် ငွေကြေးအရင်းအနှီးလိုအပ်ချက်သည် အဓိကကျသော အခက်အခဲတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် အစိုးရပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များသည် စီးပွားရေးလုပ်ငန်းများအတွက် Commercial Loan ကိုသာ ထုတ်ချေးလေ့ရှိပြီး အဆိုပါချေးငွေအမျိုးအစား၏ အတိုးနှုန်းသည် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းအထိ ရှိသည်။

ထို့ပြင် အဆိုပါချေးငွေသည် အာမခံပစ္စည်းအဖြစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုသာ လက်ခံသည်။ ထို့ကြောင့် အဆိုပါချေးငွေအမျိုးအစားကို ရယူရန် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လွယ်ကူမှုမရှိခဲ့ပေ။

၂ဝ၁၆ တွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မြန်မာဂျပန်နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုဖြင့် ဆောင်ရွက်သော ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ နှစ်ဆင့်ချေးငွေ (JICA SME Two Step Loan) ပေါ်ပေါက်လာခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှတစ်ဆင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ထုတ်ချေးခဲ့ခြင်းဖြစ်သည်။

သုံးနှစ်အတွင်း JICA နှစ်ဆင့်ချေးငွေ ပထမအဆင့်စီမံကိန်းဖြင့် ချေးငွေ မြန်မာကျပ် ၆ဝ ဘီလျံကျော်ကိုထုတ်ချေးပြီး ဆက်လက်၍ ကျပ်ဘီလျံ ၂ဝဝ ခန့်ကို ၂ဝ၁၈−၁၉ ဘဏ္ဍာနှစ်မှစ၍ ထုတ်ချေးမည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

JICA နှစ်ဆင့်ချေးငွေအပြင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကလည်း SME ချေးငွေအဖြစ် ကျပ် ဘီလျံ ၂၅ဝ ထုတ်ချေးမည်ဟု ဦးကျော်တင့်ဆွေက ပြောသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ရည်ရွယ်ထုတ်ပေးသော ချေးငွေနှင့်ပတ်သက်၍ လုပ်ငန်းများအနေဖြင့် ချေးငွေကို လက်လှမ်းမီရန် အခက်အခဲအချို့ရှိနေဆဲပင်ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းငယ်များ ဘဏ္ဍာရေးရှင်းတမ်း၊ အနာဂတ်လုပ်ငန်းစီမံချက်၊ အခွန်ထမ်းဆောင်မှု စသည့်အချက်အလက်များ ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့်အတွက် ချေးငွေရရှိရန် အခက်အခဲများရှိနေဆဲပင် ဖြစ်သည်။

''SME တော်တော်များများကတော့ ချေးငွေလိုချင်တယ်။ ချေးတဲ့သူကလည်း စိစစ်ပြီးမှပေးတယ်။ Criteria တွေရှိတယ်။ မရသေးတဲ့သူတွေကလည်း သူ့လုပ်ငန်းအပေါ်ယုံကြည်မှုရှိအောင်၊ သူ့လုပ်ငန်းခွင်က လုပ်ငန်းခွင်နဲ့ တူဖို့၊ Smart Business ဖြစ်ဖို့လိုပါတယ်။ မရသေးတဲ့သူအနေနဲ့ ဒါကိုပုံဖော်ပြီးတော့ ကိုယ့်ကိုချေးချင်လာအောင်၊ ကိုယ့် Business Plan ကို စိတ်ဝင်စားမှုရှိအောင် လုပ်ပေးဖို့လိုတယ်။ ချေးပြီးရင်လည်း အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်''ဟု အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

JICA နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီ/လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ချေးငွေထုတ်ချေးသည်။ လုပ်ငန်းတစ်ခုလျှင် အများဆုံး ကျပ်သန်း ၅ဝဝ ထုတ်ချေးပြီး Fixed Assets (ပုံသေရင်းနှီးငွေ = လုပ်ငန်းပစ္စည်း ရင်းနှီးမြှုပ်နှံမှု) အတွက် ၈ဝ ရာခိုင်နှုန်း၊ Working Capital (လှည့်လည်ရင်းနှီးငွေ = လုပ်ငန်းဆောင်ရွက်မှုအရင်းအနှီး) အတွက် ၂ဝ ရာခိုင်နှုန်းဖြင့် အချိုးကျအသုံးပြုရမည်ဖြစ်သည်။

ချေးငွေအတိုးနှုန်းသည် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်သည်။ အာမခံပစ္စည်းမတင်ပြနိုင်ပါက ချေးငွေအာမခံလက်မှတ် (Credit Guarantee Insurance) စနစ်ဖြင့် ချေးငွေအဆိုပြုနိုင်မည်ဖြစ်သည်။

''ကျွန်တော်တို့ မြင်နေရတာက ချေးငွေတွေက SME လုပ်ငန်း တကယ်လုပ်တဲ့သူတွေ၊ တကယ့်အသေးစား၊ အလတ်စားလုပ်ငန်းတွေ လက်ထဲမရောက်ဘဲ လုပ်ငန်းကြီးတွေလက်ထဲရောက်သွားသလိုဖြစ်နေတယ်''ဟု တောင်ဒဂုံ စက်မှုဇုန်က စီးပွားရေးလုပ်ငန်းရှင် ဦးမင်းထိုက်က ပြောသည်။

''ပထမအကြိမ်မှာ ဘယ်သူ့ကိုချေးခဲ့လဲဆိုရင် ငွေချေးလုပ်ငန်း လည်ပတ်ပြီးသား SME တွေကိုသာ အများစုချေးခဲ့တာဖြစ်ပါတယ်။ စလုပ်ခါစလုပ်ငန်း (New Startup) တွေ သိပ်မချေးသေးဘူး။ ဒုတိယအဆင့်မှာ ဒီ New Startup တွေကိုလည်း ချေးမှာဖြစ်ပါတယ်''ဟု မြန်မာ့စီးပွားရေးဘဏ် အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ဦးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည့် လယ်ယာနှင့် SME ကဏ္ဍအတွက် ငွေကြေးပံ့ပိုးဆောင်ရွက်ပေးမှုစကားဝိုင်းတွင် ပြောခဲ့သည်။

JICA နှစ်ဆင့်ချေးငွေပုံစံကို အခြေခံ၍ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်မှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ချေးမည့် အစီအစဉ်တစ်ရပ်ကို ၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါချေးငွေသည် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်း၊ ပြည်ပပို့ကုန်လုပ်ငန်း၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ Recycling နှင့် Energy Saving လုပ်ငန်း၊ နည်းပညာ အခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဦးစားပေးထုတ်ချေးမည်ဟု မြန်မာ့စီးပွားရေး၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ချေးငွေထုတ်ချေးခြင်းဆိုင်ရာမူဝါဒတွင် ဖော်ပြထားသည်။

အတိုးနှုန်းမှာ တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိဖြစ်သည်။ ချေးငွေပမာဏအများဆုံး ကျပ်သန်း ၃ဝဝ အထိ ထုတ်ချေးမည်ဖြစ်သည်။ ချေးငွေအတွက် အာမခံပစ္စည်းမတင်ပြနိုင်ပါက ချေးငွေအာမခံလက်မှတ်ဖြင့် အဆိုပြုနိုင်မည်ဖြစ်သည်။

''SME ချေးငွေအတွက် လုပ်ငန်းရှင်ဘက်ကလည်း သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို မဖြစ်မနေလိုက်နာရမှာပေါ့။ ဒါပေမဲ့လည်း တစ်ခါတလေကျရင် လုပ်ထုံးလုပ်နည်းဆိုပြီး မလိုလားအပ်တဲ့ ကြိုးနီစနစ်တွေ တွဲပါလာတာတွေ၊ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မပြီးပြတ်တာတွေ၊ ဒါတွေကို ချေးငွေထုတ်ချေးရမှာ အနှောင့်အယှက်မဖြစ်အောင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးအေးဝင်းက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအကြားတွင် JICA နှစ်ဆင့်ချေးငွေပုံစံသည် သတ်မှတ်ချက်မြင့်ပြီး အထူးသဖြင့် ရရှိသောချေးငွေ Fixed Assets (ပုံသေရင်းနှီးငွေ) အတွက် ၈ဝ ရာခိုင်နှုန်း၊ Working Capital (လှည့်လည်ရင်းနှီးငွေ) အတွက် ၂ဝ ရာခိုင်နှုန်းဖြင့် အသုံးပြုရခြင်းကြောင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအနေဖြင့် ချေးငွေရယူရန် လက်တွန့်နေသည်ဟု လုပ်ငန်းရှင်အချို့ဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့်မူ Working Capital (လှည့်လည်ရင်းနှီးငွေ) ကို ပိုမိုသုံးစွဲလိုကြသည်။ မြန်မာ့စီးပွားရေးဘဏ်မှ SME ချေးငွေမှာမူ Fixed Assets (ပုံသေရင်းနှီးငွေ) ၅ဝ ရာခိုင်နှုန်းနှင့် Working Capital (လှည့်လည်ရင်းနှီးငွေ) ၅ဝ ရာခိုင်နှုန်းစီ သတ်မှတ်ထားသည့်အတွက် ပိုမိုအဆင်ပြေသော်လည်း အတိုးနှုန်းအားဖြင့်မူ JICA ချေးငွေထက် အနည်းငယ်မြင့်နေသည်။

ချေးငွေရယူလိုသော်လည်း ချေးငွေသတ်မှတ်ချက်များ မပြည့်စုံ၍ ချေးငွေမရရှိသော ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရှိနေသလို တစ်ဖက်တွင်လည်း ချေးငွေပမာဏကန့်သတ်ချက်ကြောင့် ချေးငွေသတ်မှတ်ချက်များ ပြည့်စုံသော်လည်း ချေးငွေမရယူခြင်း၊ ချေးငွေရယူထားသော်လည်း ချေးငွေပမာဏအမြင့်ဆုံးသတ်မှတ်ချက်ကြောင့် အခက်အခဲတွေ့ကြုံရခြင်းများရှိနေသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။

''ဒီချေးငွေက အခြေအနေတစ်ခုအတွက်တော့ ကောင်းပါတယ်။ လုပ်ငန်းတစ်ခုကို နည်းနည်းစထားပြီး အကြီးကြီးလည်း မလုပ်ဘူးဆိုရင်တော့ ကောင်းတယ်။ ကိုယ်က နောက် လေး၊ ငါးနှစ်ကို ပြိုင်ဆိုင်နိုင်တဲ့ အခြေအနေအထိ ရောက်အောင်လုပ်မယ်ဆိုရင် ဒီချေးငွေမှာ အားနည်းချက်တွေရှိနေတယ်။ ချေးငွေက မလောက်ငဘူး။ တိုးချဲ့သင့်သလောက်တိုးချဲ့လို့ မရဘူးဖြစ်နေတယ်။ သိန်း ၅,ဝဝဝ ထက် ပိုမချေးဘူးဆိုတဲ့ သတ်မှတ်ချက်ထက် လုပ်ငန်းအရွယ်အစားအပေါ် မူတည်ပြီး ထုတ်ချေးတာမျိုးက ပိုထိရောက်မယ်ထင်တယ်''ဟု ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်းတည်ထောင်သူ ဦးငွေထွန်းက မှတ်ချက်ပြုသည်။

၂ဝ၁၇ နှစ်ကုန်ပိုင်းအထိ JICA နှစ်ဆင့်ချေးငွေ စီမံကိန်း ပထမအဆင့်အရ လုပ်ငန်းပေါင်း ၂၉၂ ခုကို ချေးငွေ ၆ဝ ဘီလျံကျော်ထုတ်ချေးခဲ့ပြီး ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ဝေထားသည့် စစ်တမ်တစ်ခုအရ မြန်မာနိုင်ငံ၏ လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုအတွက် ငွေရေးကြေးရေးရရှိမှုတွင် ကိုယ်ပိုင် ငွေကြေးအရင်းအနှီးမှ ၈ဝ ရာခိုင်နှုန်းကျော် ရယူနေရပြီး ဘဏ်မှ ရရှိမှုသည် ၈ ရာခိုင်နှုန်းကျော်သာရှိသည်ဟု ဖော်ပြထားသည်။

Banking & Loan Read 883 times