SME ချေးငွေပမာဏကို ထပ်မံတိုးမြှင့်ပေးသွားမည်


21 March, 2018

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) လုပ်ကိုင်သည့် အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို အများဆုံး ကျပ်သိန်း ၃၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် ချေးငွေအာမခံလက်မှတ်ဖြင့် ထုတ်ချေးငွေကို လက်ရှိအချိန်တွင် ကျပ်သိန်း ၂၀၀ အထိသာ သတ်မှတ်ထားကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ထားသည်။

ချေးငွေရရှိရန်အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးဦးစီးဌာနမှ ထုတ်ပေးသော SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်ရရှိထားသည့် လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် အထောက်အကူပြု ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုးထုတ်လုပ်မှုလုပ်ငန်း စသည်တို့ကို ဦးစားပေးမည်ဖြစ်ကြောင်း သိရပါသည်။

ချေးငွေထုတ်ချေးရာတွင် အများဆုံး ကျပ်သိန်း ၃၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကိုပုံသေရင်းနှီးငွေအဖြစ် ရာခိုင်နှုန်း ၅၀၊ လှည့်လည်ရင်းနှီးငွေအဖြစ် ၅၀ ရာခိုင်နှုန်း အသုံးပြုရန် သတ်မှတ်ထားကြောင်း သိရပါသည်။

ချေးငွေအတွက် အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများအပြင် ရွှေ့ပြောင်းနိုင်သော စက်၊ယာဉ်၊ ယန္တရား၊ ရွှေတိုက်စာချုပ်များ၊ စတော့ရှယ်ယာများ၊ အစိုးရအာမခံ၊ ချေးငွေအာမခံလက်မှတ်များကိုလည်း အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ CGI စနစ်ဖြင့် လက်ရှိအခြေအနေတွင် အများဆုံးကျပ် သိန်း ၂၀၀ အထိသာ သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါသည်။

ချေးငွေပြန်လည်ပေးအပ်ရမည့် အစီအစဉ်တွင် SME လုပ်ငန်းများအတွက် ချေးငွေများကို သုံးနှစ်ဖြစ်ပါက တစ်နှစ်ဆိုင်းငံ့၊ နှစ်နှစ်အတွင်း လေးရစ်ဆပ်ဖြင့်လည်းကောင်း၊ လေးနှစ်ဖြစ်ပါက တစ်နှစ်ခြောက်လဆိုင်းငံ့၊ နှစ်နှစ်ခြောက်လအတွင်း ငါးရစ်ဆပ်ဖြင့် လည်းကောင်း၊ ငါးနှစ်ဖြစ်ပါက နှစ်နှစ်ဆိုင်းငံ့၊ သုံးနှစ်အတွင်း ခြောက်ရစ်ဆပ်ဖြင့်လည်းကောင်း ပေးဆပ်ရမည်ဖြစ်ပါသည်။

Source: Eleven

Banking & Loan Read 726 times