ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို မကြာသေးခင်လတွေကစလို့ လျှော့ပေါ့ပေးခဲ့တာကြောင့်
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။
ကပ်ရောဂါကာလ ယာယီရပ်နားထားခဲ့တာကြောင့် ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်လည်စတင်ရာမှာ ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ စီးပွားရေး ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်နေတယ်လို့လည်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါက်တာအောင်သိန်းက ပြောပါတယ်။
"အဓိကတော့ နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုအားပေးဖို့၊ ဒါတွေကို ပိုပြီးတော့ ဆောင်ရွက်ဖို့၊ ဒီလမ်းကြောင်းပေါ်ပဲ ရောက်လာကြမှာပေါ့လေ။ အခုလည်း ဒီကိုဗစ်ကာလမှာအွန်လိုင်းကတော်တော်လေး ခေတ်စားလာတော့ နောက်ပိုင်းက ဒီဒစ်ဂျစ်တယ်ဘက်ကို SMEs တွေရဲ့ Transformation ပေါ့၊ ကူးပြောင်းမှုတွေ လုပ်လာရမယ်။ နိုင်ငံတော်ကလည်း ဒီ plan (အစီအစဉ်) ထဲမှာ အဲဒီအတွက်ကို ပံ့ပိုးကူညီမယ်၊ အားပေးမယ်ဆိုတဲ့ plan တွေတော့ ပါပါတယ်။"
အစိုးရက ခွင့်ပြုတာနဲ့ လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ပြင်ဆင်ထားတယ်ဆိုပေမဲ့ နိုင်ငံလူဦးရေထက်ဝက်ကျော်လောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးမှသာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာအောင်သိန်းက ပြောပါတယ်။ အစိုးရအနေနဲ့ လုပ်ငန်းတွေလည်ပတ်ဖို့နဲ့ ဝန်ထမ်းလစာပေးဖို့ ပထမပိုင်းမှာ ချေးငွေထုတ်ပေးခဲ့ပြီး ထိခိုက်သွားတဲ့လုပ်ငန်းတွေ စီးပွားရေးပြန်လည်နာလန်ထူလာအောင် ရေတိုရေရှည် စီမံကိန်းတွေဆောင်ရွက်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။
"ခြုံငုံပြီးပြောရင် SMEs တွေကတော့ သူ့ရဲ့သဘောသဘာဝအရ ပြင်လွယ်ပြောင်းလွယ်ဖြစ်ပေမယ့် သူက ထိခိုက်လွယ်တယ်ပေါ့နော်။ ပြင်လွယ်ပြောင်းလွယ်ဆိုတာက သူကအခက်အခဲ အကြပ်အတည်း ကြုံလာလို့ သူ့မှာအခွင့်အလမ်းပေါ်လာရင်လည်း လုပ်ငန်းကြီးတွေထက် မြန်မြန်ဆန်ဆန်သူက ပြောင်းလဲပြီးဆောင်ရွက်နိုင်သလို၊ ချက်ချင်းမတုံ့ပြန်နိုင်တဲ့လုပ်ငန်းတွေကလည်း ထိခိုက်ပြီးတော့ ရပ်စဲသွားနိုင်တယ်ပေါ့နော်။ ဆိုတော့ SMEs တွေရဲ့ သဘောသဘာဝကိုက အဲလိုရှိတဲ့အတွက်ကြောင့် ဒီကာလမှာ ကျနော်တို့နိုင်ငံမှာအများစုရှိတဲ့ SMEs တွေကို ပိုပြီးတော့ကြည့်ရှုစောင့်ရှောက်ပေးဖို့ လိုမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။"
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှုတွေနဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ကန့်သတ်ချက်တွေကိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပြန်လည် လျှော့ပေါ့ပေးခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း လတွေမှာ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားသူ ပုံမှန်အခြေအနေ ပြန်ရောက်လာတယ်လို့လည်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (ရန်ကုန်)က လက်ထောက်အင်ဂျင်နီယာ ဦးရဲဇော်ထွန်းက ပြောပါတယ်။
"လောလောဆယ်ကတော့ သင်တန်းတွေကတော့ ဒီကိုဗစ်ကြောင့် ခဏရပ်ထားရတာပေါ့။ ရုံးကတော့ အမြဲတမ်းဖွင့်တယ်၊ မှတ်ပုံတင်လုပ်ငန်းတခုပဲ လတ်တလောကတော့ ဆောင်ရွက်ပေးသေးတယ်ဗျ။ ကျနော်တို့ဆီမှာ လာတင်တဲ့လုပ်ငန်းတွေကတော့ အများစုကတော့ ဒီအွန်လိုင်းမှာရောင်းတယ်၊ ရောင်းရင်းနဲ့မှ သူကမှတ်ပုံတင်လုပ်ငန်းလုပ်ချင်တယ်ဆိုရင် ကျနော်တို့ဆီလာ လုပ်တာတော့ရှိတယ်။"
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP တန်ဖိုး ၆.၈ ရှိရာကနေ အခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ၁.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံစီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာသစ် ထုတ်ပြန်ရာမှာ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှု လျော့နည်းသွားပြီး အသွားအလာ အကန့်အသတ်တွေကို ဖြေလျော့လိုက်ရင်တော့ လာမယ့် ၂၀၂၁ မတ်လကစပြီး စီးပွားရေး ပြန်နာလန်ထူနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်း၊ ပြည်ပမှာ ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ကြုံရမယ့် အခြေအနေတွေ မရေရာ မသေချာသေးတာကြောင့် စီးပွားရေးအတွက် ခြိမ်းခြောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
VOA