SME လုပ်ငန်းများကို JICA ချေးငွေ စက်တင်ဘာတွင် စချေးမည်


14 August, 2018

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ (JICA) ထပ်ဆင့်ချေးငွေ (Two-Step Loan) ကို အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများသို့သက်သာသည့်အတိုးနှုန်းဖြင့် စက်တင်ဘာလတွင် စတင်ထုတ်ချေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် SME လုပ်ငန်းများကို JICA ချေးငွေ ကျပ် ၁၅၀ ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြောကြားထားသော်လည်း JICA ကပေးသည့် ဂျပန်ယန်းချေးငွေကို မြန်မာငွေသို့ ပြန်လည်လဲလှယ်ရာတွင် ငွေလဲလှယ်နှုန်းများ မြင့်တက်နေသောကြောင့် ကျပ် ၁၈၉ ဘီလီယံအထိ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

" စက်တင်ဘာလမှာ စကြေညာပေးပြီးရင် ဘဏ်ခုနစ်ဘဏ်မှာ ၁၈၉ ဘီလီယံထဲက ၆၇ ဘီလီယံ ထုတ်ချေးပေးပြီးပြီ။ ဒုတိယအသုတ်မှာ ကျန်တဲ့အထိက ဘယ်လောက်ချေးပေးမလဲဆိုတာ မသိသေးဘူး။ တစ်လုံးတည်းတော့ မပေးဘူး။ ခွဲပေးမှာ " ဟု ဒေါ်အေးအေးဝင်းက ပြောကြားခဲ့ပါသည်။

ပထမအသုတ်တွင် JICA ချေးငွေထဲမှ ကျပ် ၆၇ ဘီလီယံကို SME လုပ်ငန်းရှင်ပေါင်း ၃၄၈ ဦးကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။ JICA ချေးငွေကို အတိုးနှုန်းဖြင့် ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ချေးငွေများကို CB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ်နှင့် SMID ဘဏ်တို့အပြင် ဘဏ်တစ်ဘဏ်ထပ်တိုးချေးပေးရန်အတွက်လည်း စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရပါသည်။

JICA ချေးငွေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းထုတ်ချေးပေးမည်ဟု လုပ်ငန်းရှင်များကို ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ ချေးငွေးများမရရှိသေးသောကြောင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားထားသည်။

JICA ချေးငွေနှင့်ပတ်သတ်၍ သုံးသပ်ချက်

ထိုချေးငွေမာျးသည် SME လုပ်ငန်းရှင်များအတွက် အလွန်အရေးပါသော ချေးငွေများဖြစ်ပါသည်။ SME စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမည့် လူများတွင် အကန့်အသတ်များရှိပါသည်။ ယခုကဲ့သို့ ချေးငွေထုတ်ချေးသည့်အခါမှသာ လုပ်ငန်းများကို တိုးချဲ့လာနိုင်ပြီး SME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ချေးငွေများချေးယူမည့်သူများဘက်မှ ပြင်ဆင်ထားရမည့်အချက်များရှိပါသည်။

ပြင်ဆင်ရမည့်အချက်များ

* ထိုချေးငွေများကိုဘယ်နေရာများတွင်အသုံးပြုမည်၊ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်။ ထိုမှသာ ဝင်ငွေများ ဘယ်လိုတိုးတက်လာ၍ ဘယ်လိုအကျိုးအမြတ်ရှိလာပြီး ထိုချေးငွေများကို ဘယ်လိုပြန်ဆက်မည်ဆိုသည့် အစီအစဉ်များကို ရေးဆွဲထားရပါမည်။

* ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည်ဖြစ်စေ မိမိထုတ်သောကုန်များ၏ အရည်အသွေး၊ မိမိပေးလိုက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးမြင့်မားရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ဆိုသော Standard of procedure ဟုခေါ်သည့် အစီအစဉ်ဆောင်ရွက်ချက်များကို ရေးဆွဲထားရန် လိုအပ်ပါသည်။

* ကုန်ထုတ်လုပ်ငန်းလုပ်သည့်အခါတွင်လည်း မိမိထုတ်လိုက်သည့် ကုန်ပစ္စည်းမာျးအတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသည်ဆိုသည့်အချက်များကိုလည်း ပြင်ဆင်ထားရပါမည်။

* မိမိအနေဖြင့် ခန့်အပ်ထားသည့် အလုပ်သမားများအပေါ်တွင် ဘယ်လိုသက်သာချောင်ချိမှုတွေဖြစ်လာအောင် ဆောင်ရွက်ထားသည်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လိုစီစဉ်ထားသည်ဆိုသည့် အချက်အလက်များ ပြည့်စုံမှသာ ချေးငွေသွားလျှောက်သည့်အခါ လွယ်ကူမှုများရရှိလာနိုင်မည်ဖြစ်ပါသည်။

Source: youtube

Banking & Loan Read 4138 times