SME ကဏ္ဍအတွက် စနစ်နှင့် ချေးငွေ တပြိုင်နက်ထဲ ပုံဖော်စေရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ပြောကြား


11 July, 2018

အသေးစားနဲ့ အလတ်စားလုပ်ငန်း (SME) တွေအတွက် အစိုးရ စီးပွားရေးဘဏ်က ငွေမချေးနိုင်တာကြောင့် တိုင်းအစိုးရအနေနဲ့ ဆက်လက်ကြိုးစားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

SME ကဏ္ဍနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့ အပ်ငွေ အေဂျင်စီတစ်ခုကို ပိုအလုပ်လုပ်နိုင်ပြီး ထိရောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ၎င်းက ပြောကြားခဲ့ပါသည်။

“ကျနော်တို့ ရန်ကုန်တိုင်းမှာ SME နဲ့ပတ်သက်ပြီး ချေးငွေပေးနိုင်ဖို့ ကိစ္စရပ်တွေနဲ့ ဒီ MEP နဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲ ကြုံပါတယ်။ ဒါကြောင့်မို့ SME ကဏ္ဍနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့အပ်ငွေ အေဂျင်စီတခုကို ပိုပြီးအလုပ်လုပ်နိုင်ပြီး ထိရောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ဖို့ရှိပါတယ်။ ဒီနေရာမှာ ချေးငွေကိုရမှသာလျှင် လုပ်ငန်းရှင်တွေ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင် အသေးစား၊ အလတ်စားတွေ လည်ပတ်နိုင်ဖို့ ကလည်း စနစ်တခုရှိမှ ချေးငွေက ပေးနိုင်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဒါကြောင့် စနစ်နဲ့ ချေးငွေကို တပြိုင်နက်ထဲ ပုံဖော်လာနိုင်ဖို့ အတွက်လည်း ကျနော်တို့ ရန်ကုန်တိုင်းအတွင်းမှာ ထပ်မံကြိုးစားဖို့ ပြင်ဆင်နေပါတယ်” လို့ ပြောခဲ့ပါသည်။

ပြုပြင်ပြောင်းလဲမှုတွေအပေါ် ရုန်းကန်ဆောင်ရွက်မှုတွေထဲကမှ ပုဂ္ဂလိက ကဏ္ဍဟာ အလွန်အင်မတန် အရေးကြီးတယ်လို့လည်း ၎င်းက ပြောခဲ့ပါသည်။

ဒါ့အပြင် လက်ရှိအစိုးရလက်ထက် အထည်ချုပ်ကဏ္ဍမှာ စက်ရုံ ၂ဝဝ ကျော် လောက်ကနေ အခု စက်ရုံ ၆ဝဝ ဝန်းကျင်လောက် ဖြစ်လာခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေကလည်း အသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ နိုင်ငံတွင်းမှာရှိတဲ့ လုပ်ငန်းတွေရဲ့ ၉၉ ရာခိုင်နှုန်း ရှိနေပြီး ဒါနဲ့ပတ်သက်လို့ အထူးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်မယ့် အနေအထားရှိတယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

DVB

Banking & Loan Read 537 times