လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး
တရုတ်နိုင်ငံရဲ့ အထင်ကရ မြို့တော်ကြီး တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းမြို့နဲ့ သိပ်မဝေးကွာလှတဲ့ နေရာမှာ ချန်ဒေါင် ရေကန်ကြီး တည်ရှိပါတယ်။ ချန်ဒေါင်ဆိုတာက ကျွန်းပေါင်းတစ်ထောင်လို့ ဆိုလိုပါတယ်။ ကန်ကြီးထဲမှာ ကျွန်းစုစုပေါင်း ၁,၀၇၈ ခု ရှိပါတယ်။ ချန်ဒေါင်ရေကန်ကြီးမှာ ထူခြားတဲ့ သမိုင်းနောက်ခံ ရှိနေပြီး အဲဒီသမိုင်း နောက်ခံက ကန်ရဲ့ ရေအောက်ကြမ်းပြင်မှာ တည်ရှိနေပါ တယ်။
ကန်ကြီးဟာ သဘာဝ အလျောက် ဖြစ်ပေါ်လာခဲ့တဲ့ကန် မဟုတ်ဘူး။ စင်အန်မြစ်ကို ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ဖို့အတွက် ဖန်တီးထားတဲ့ ရေသိုလှောင်တဲ့ကန် ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား စီမံကိန်းကို ၁၉၅၉ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တယ်။ ကန် ရေလွှမ်းမိုးထားတဲ့ ဧရိယာက ၂၂၁ စတုရန်းမိုင် ရှိတယ်။ ရေသိုလှောင်ထားနိုင်တဲ့ ပမာဏက ၁၇.၈ ကုဗ ကီလိုမီတာ ဖြစ်ပါတယ်။ ရေကာတာ အမြင့်က ၁၀၅ မီတာရှိပြီး အဲဒီတုန်းက တရုတ်ပြည်မှာ မီတာ ၁၀၀ ထက် ပိုမြင့်တဲ့ ရေကာတာအဖြစ် ပထမဆုံး တည်ဆောက်ခဲ့ခြင်းလို့ မှတ်တမ်းတင်ခံရပါတယ်။ ရေကာတာအလျားက ၄၄၆ မီတာခွဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အား စက်ရုံက ၈၄၅ မီဂါ၀ပ် ထုတ်လုပ်နိုင်စွမ်း ရှိပါ တယ်။
ရေကန်မှ ရေကို သဘာဝသောက်သုံးရေအဖြစ်လည်း ရယူသုံးစွဲပြီး Nongfu Spring အမည်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချပါတယ်။ ကန်ပတ်ပတ်လည်နဲ့ ကျွန်းတွေပေါ်မှာ သစ်တောအုပ်တွေ ရှိနေတာမို့ သဘာဝစိမ်း လန်းစိုပြေတဲ့ ဧရိယာ ဖြစ်ပါတယ်။ ကျွန်းတွေကို ပုံပန်းသဏ္ဌာန်အရ အမည်ပေးထားတာတွေ ရှိပါတယ်။ ငှက်ကျွန်း၊ မြွေကျွန်း၊ မျောက်ကျွန်း၊ သော့ခလောက်ကျွန်း စသဖြင့် အမည်တွင်ပါတယ်။
ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ရေတွေ စုဆောင်းသိုလှောင်ဖို့ ရွေးချယ်ခဲ့တဲ့နေရာမှာ ခြင်္သေ့မြို့တော်လို့ အမည်တွင်တဲ့ မြို့ကြီးတစ်မြို့ ရှိနေခဲ့ပါတယ်။ အကျယ်အဝန်းက ဘောလုံးကွင်း ၂၆ ကွင်းစာသာသာ ရှိပါတယ်။ မြို့ရဲ့ ပတ်ပတ်လည်မှာ တောင်ငါးလုံးရှိပြီး ခြင်္သေ့တောင်တွေလို့ အမည်တွင်ပါတယ်။ ခြင်္သေ့ကို တရုတ်စကားဖြင့် 'ရှီ' လို့ ခေါ်တွင်ပြီး ၅ ကိုတော့ '၀ူ' လို့ ခေါ်တွင်တယ်။ တောင်ကို 'စန်း' လို့ ခေါ်ပါတယ်။ ဒီတော့ ခြင်္သေ့တောင် ၅လုံးကို ၀ူရှီစန်း လို့ ခေါ်ဝေါ်ကြပါတယ်။ ခြင်္သေ့တောင်ငါးလုံးရဲ့ အခြေမှာ တည်ရှိနေတဲ့ မြို့ကြီးဖြစ်လို့ ခြင်္သေ့မြို့တော်လို့ အမည်တွင်တယ်။ တရုတ်စကားနဲ့ 'ရှီချန်' လို့ ခေါ်ဝေါ်ပါတယ်။ ရှီဆိုတာက ခြင်္သေ့၊ ချန်က မြို့ကြီးလို့ အဓိပ္ပာယ် ရပါတယ်။
ရှီချန်မြို့တော်ကို အရှေ့ဟန်မင်းဆက်လက်ထက်(အေဒီ ၂၅-၂၀၀) အတွင်းမှာ ထူထောင်ခဲ့ပါတယ်။ စတင် တည်ဆောက်ခဲ့တာ အေဒီ ၂၀၈ ခုနှစ်မှာ ဖြစ်ပြီး ခြင်္သေ့တောင်တွေ ကြားမှာ ရှိတဲ့မြို့ဖြစ်လို့ ခြင်္သေ့မြို့ ရှီချန်လို့ အမည်တွင်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးတို့အရ အချက်အချာကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ ပါတယ်။
ရေကာတာ တည်ဆောက်ပြီး ရေလှောင်တော့ အဲဒီ ရှီချန် တစ်မြို့လုံး ရေအောက်ကို ရောက်သွားပါတယ်။ ၀ူရှီတောင်တွေကတော့ တစ်ပိုင်းတစ်စ နစ်မြုပ်သွားပြီး ယခုအခါ ရေကန် ရေပြင်မှာ ကျွန်းတွေအဖြစ် ပေါ်ထွက် နေတာမို့ ၀ူရှီကျွန်းလို့ ခေါ်ဝေါ်ကြပါတယ်။
ရှီချန်ဟာ ရေအောက်ကို လုံးလုံးလျားလျား ရောက်ရှိသွားပြီးတဲ့အခါမှာ ရေကန်က ရေသေ ဖြစ်တာမို့ ရေစီးကြောင်း တိုက်စားခြင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိတဲ့အပြင် နေမထိ လေမထိ ဖြစ်နေခဲ့ပြီး သိုလှောင််ထားတဲ့ ရေတွေကလည်း သောက်ရေသန့်အဖြစ် ထုတ်လုပ်နိုင်အောင် သန့်ရှင်းတာမို့ ရှီချန်ဟာ ကာလကြာမြင့်ပေမဲ့ အကြီးအကျယ် ပျက်စီးခဲ့ခြင်း မရှိပါဘူး။ ယခုအခါမှာ သက်တမ်း နှစ်ပေါင်း ၁၃၅၀ နှစ်ကျော် ရှိပြီဖြစ်တဲ့ ရှေးမြို့တော် ရှီချန်ဟာ ရေအောက်ကို ရောက်ရှိနေ ခဲ့တာ နှစ်ပေါင်း ၅၅ နှစ် ကျော်ပြီဖြစ်ပါတယ်။ ရေအောက် ပေ ၁၃၀ ၀န်းကျင်မှာ ရှီချန် တည်ရှိနေဆဲ ဖြစ်ပါတယ်။
ရှန်ဟိုင်းမှ ရေငုပ်လုပ်ငန်း ဘစ်ဘလူးမှ ကန်ရေပြင်အောက် ရေငုပ်ပြီး လေ့လာစူးစမ်းမှု များ စတင်ခဲ့ပြီး ရှီချန်ကို ပြန်လည်တွေ့ရှိခဲ့ကြ ပါတယ်။ ခရီးသွားများကို ဆွဲဆောင်မှု ရှိတဲ့ နေရာတစ်ခုအဖြစ် ဖွံ့ဖြိုးဖော်ထုတ်ခဲ့ပြီး ခရီး သွားလုပ်ငန်းကို စတင်ခဲ့ရာမှ စည်စည်ကားကား ဖြစ်လာပြီး တည်းခိုနေထိုင်ဖို့ ဟိုတယ်တွေမှအစ အင်းတွေအဆုံး ရှိလာခဲ့ပါတယ်။ ကြည့်ရှုလေ့ လာလိုသူတွေအဖို့တော့ ရေငုပ်တတ်ဖို့ လိုအပ်ပါတယ်။ ရေငုပ်သင်္ဘောငယ်ဖြင့် ခရီးသည်တွေကို လိုက်လံပြသဖို့ တင်ပြခဲ့တာမှာ ရှေးဟောင်း အဆောက်အဦတွေကို မတော်တဆ ထိတိုက်မှုဖြစ်ပွားပြီး အပျက်အစီး ဖြစ်မှာစိုးရတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့် မပြုခဲ့ပါဘူး။
ရေအောက်မြိို့တော် ရှီချန်မှာ ရှေးကျတဲ့ အဆောက်အဦတွေ အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောက်ရုပ်တုတွေ၊ အပေါက်ဝ စောင့်တဲ့ ခြင်္သေ့ရုပ်တုတွေ မပျက်မယွင်း ရှိနေဆဲ ဖြစ်ပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်ကို အလုံအလောက် နိုင်ငံတစ်ဝန်း ရရှိစေဖို့ လုပ်ဆောင်ခဲ့တာမှာ သမိုင်းတန်ဖိုးကြီးမားတဲ့ရှီချန်မြို့ကြီး ရေမြှုပ်သဂြိုဟ်ခံခဲ့ရတာ ဖြစ်ပါတယ်။