ကိုဗစ်ကာလအတွင်း လက်ရှိအချိန်အထိ လူမှုဖူလုံရေးအာမခံ ပြုလုပ်ထားသော အလုပ်သမားဦးရေ ၁၅ သိန်း နီးပါးအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ် ၅၀ ဘီလီယံကျော် ပေးအပ်ပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။
လူမှုဖူလုံရေးအဖွဲ့အနေနှင့် ကိုဗစ်ပထမလှိုင်းကာလတွင် အလုပ်သမားပေါင်း ရှစ်သိန်းကျော်ကို လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ် ၂၀ ဘီလီယံကျော် နှင့် ဒုတိယလှိုင်းကာလအတွင်း ဒီဇင်ဘာ ၂၂ ရက်အထိ အလုပ်သမားပေါင်း ခုနစ်သိန်းနီးပါးကို လူမှုဖူလုံရေးထောက်ပံ့ငွေ ကျပ် ၃၀ ဒသမ ၃ ဘီလီယံကျော် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုဖူလုံရေးထောက်ပံ့ကြေးများကို ကိုဗစ် ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်ထားခြင်း၊ လုပ်ငန်းများရပ်နားခြင်းနှင့် လုပ်သားအင်အား လျှော့ချခြင်းများကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအား ထောက်ပံ့ပေးအပ်ခဲ့သလို လက်ရှိ အလုပ်လုပ်နေပြီး အလုပ်လုပ်ချိန်နှင့် လစာလျှော့ချခံရသော အလုပ်သမားများကိုလည်း သတ်မှတ်နှုန်းထားများအတိုင်း လူမှုဖူလုံရေးထောက်ပံ့ကြေး များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာကြသလို ရောဂါ ကူးစက်မှုများကြောင့် ယာယီရပ်နားထားရသော စက်ရုံ၊ အလုပ်ရုံများကိုလည်း COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Myotaw News