လူမှုဖူလုံရေးကြေးထည့်ဝင်ထားသော အာမခံအလုပ်သမားပေါင်း (၁.၃၄)သန်းခန့်ရှိ


23 January, 2021

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမာ စုစုပေါင်း (၁.၃၄) သန်းခန့်ရှိကြောင်း ဖူလုံရေးအဖွဲ့၏စာရင်းများအရသိရပါတယ်။

ဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမား (၁.၃၄) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အကျိုးခံစားခွင့်များအတွက် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ ရုံးခွဲပေါင်း (၇၈) ရုံး၊ မြို့နယ်ဆေးခန်း ပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၈) ခန်း၊ PPS စနစ်ဖြင့် (fee for services payment) ဆေးခန်း (၈) ခန်း၊ PPS စနစ်ဖြင့် (Capitation payment) ဆေးခန်း (၁၀) ခန်းနှင့် တိုင်းရင်းဆေးကုခန်း (၁) ခန်းများအပြင် ရွေ့လျားဆေးကုသယာဉ် (၂) စီးတို့ဖြင့် ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှလည်း"အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေ ဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေဖို့ မဟာဗျူဟာရည်မှန်းချက် တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်ကစုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူပြုလျက်ရှိပါကြောင်း" ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပခဲ့သည့် လူမှုဖူလုံရေးအဖွဲ့နှင့် ILO ( အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် E -Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန် ကိုဗစ်ကာလ တွင် လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားများအားထောက်ပံ့သည် လစာ၏ ၄၀ ရာခိုင်နှုန်းအပါအဝင် ဖူလုံရေးကြေးများထုတ်ယူရာ၌ အခက်အခဲများရှိခြင်း၊ စက်ရုံများမှဖူလုံရေးကြေးအားအလုပ်သမားများထံမှကောက်ခံသော်လည်းအစိုးရသို့သွင်းထားခြင်းမရှိခြင်း၊ ဖူလုံရေးအကျိုးခံစားခွင့်များနှင်ပတ်သက်၍ အလုပ်သမားများသိရှိမှုအားနည်းခြင်းများကို ကူညီဆောင်ရွက်နေရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူတွေထံက သိရပါတယ်။

MyanmarLabourNews

Local News Read 295 times