ကိုကိုးကျွန်းမြို့နယ်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် (၂၄)နာရီ လျှပ်စစ်ဓာတ်အား စတင်သုံးစွဲနိုင်ပြီ


03 January, 2021

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုးတန်းနှင့် အလှမ်းကွာဝေးသော ကပ္ပလီပင်လယ် တွင်းရှိ ကျွန်းမြို့နယ်တစ်ခုဖြစ်ပြီး ဆက်သွယ်သွားလာရေးလည်း ခက်ခဲသော နေရာတစ်ခု ဖြစ်ရာ ယခင်က ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်းပေါ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်ကာ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးသည့် ၁-၁-၂၀၂၁ ရက်နေ့တွင် ကျွန်းတစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အား စတင် စမ်းသပ် ထုတ်လုပ်လျက် ၃-၁-၂၀၂၁ ရက်မှ စတင်၍ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုကိုးကျွန်းမြို့နယ်သည် ယခင်က လျှပ်စစ်ဓာတ်အားကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပို ရေးရှင်းက ဖြန့်ဖြူးပေးသည့် ဒီဇယ် အင်ဂျင်မီးစက်များဖြင့် နေ့စဉ် ည ၆ နာရီမှ ၁၂ နာရီအထိ (တစ်နေ့ ခြောက် နာရီခန့်သာ) အချိန်အကန့်အသတ်ဖြင့် သုံးစွဲနေခဲ့ကြရပြီး၊ လျှပ်စစ်ဓာတ်အား (၂၄)နာရီ သုံးစွဲနိုင်ခြင်း မရှိသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စသည့် ဒေသဖွံ့ဖြိုးရေးတို့မှာလည်း နောက်ကျနေခဲ့ရသည်။

ထို့ကြောင့် ကိုကိုးကျွန်းမြို့နယ်နေ ပြည်သူတို့၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၀.၅ မဂ္ဂါဝပ်)ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူး ၁-၁-၂၀၂၁ ရက် ၁၃ နာရီတွင် လျှပ်စစ်ဓာတ်အားများ ကျွန်းတစ်ခုလုံးသို့ စတင်စမ်းသပ် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခု အသစ်တည်ဆောက်ဓာတ်အားပေးနိုင်ခဲ့သည့် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (Solar + Battery + Diesel Generator) Hybrid System အမျိုးအစားဖြစ်ပြီး၊ မြန်မာကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်း တည်ထောင်ထားသည့် Kyocera Communication Systems Kinetic Myanmar Co., Ltd သို့ လုပ်ငန်းအပ်နှံကာ ဂျပန်နိုင်ငံ Kyocera Company ၏ ဒီဇိုင်းဖြင့် တပ်ဆင်တည်ဆောက်ထားသော ခေတ်မီနည်းပညာများ အသုံးပြုထားသည့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဓာတ်အားပေးစက်ရုံ တစ်ခုလည်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားသည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ကာ လျှပ်စစ်ဓာတ်အားကို နေ့အချိန်များတွင် နေရောင်ခြည်စွမ်းအင်ဖြင့် တိုက်ရိုက်အသုံးပြုနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် နေရောင်ခြည် စွမ်းအင်မှရရှိလာသော လျှပ်စစ်စွမ်းအင်ကို ဘက်ထရီများသို့ အားဖြည့်သိုလှောင်ပေးထားမည် ဖြစ်သည်။ ညအချိန်များတွင် သိုလှောင်ထားရှိခဲ့သည့် ဘက်ထရီများမှ လျှပ်စစ်ဓာတ်အားကို ပြန်လည် ထုတ်လုပ်ဓာတ်အားပေးနိုင်မည်ဖြစ်ကာ ရာသီဥတု အခြေအနေများကြောင့် နေရောင်ခြည် ရရှိမှုနည်းပါးသည့် အချိန်များတွင် ဒီဇယ်အင်ဂျင် (Diesel Generator) မှ ဓာတ်အားဖြည့်ကူ ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစနစ်လည်း ဖြစ်သည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားများကို ကိုကိုးကျွန်းမြို့နယ်ရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ လျှပ်ကာပါသော ၁၁ ကေဗွီ SAC ဓာတ်အားလိုင်း ပေ (၁၁၇၀၀) ခန့်၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၄)လုံး (သုံးစွဲ ၂ လုံး၊ အရန် ၂ လုံး)၊ လျှပ်ကာပါသော ၄၀၀ ဗို့ ABC ဓာတ်အားဖြန့်ဖြူးလိုင်း ပေ (၁၈,၄၀၀) ခန့်တို့ကို အသစ်လဲလှယ်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူး ပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။

စက်ရုံတည်ဆောက်ခြင်းစီမံကိန်းကို သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ COVID–19 ကူးစက်ရောဂါ မပြန့်နှံ့ရေး စည်းမျဉ်းစည်းကမ်း အကန့်အသတ်များ၊ ဆက်သွယ်သွားလာရေး အခက်အခဲများ စသည့် အခက်အခဲ အကျပ်အတည်းများကြားက သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တာဝန်ရှိသူများက ကြိုးစားအားထုတ် ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ရန်ကုန်တိုင်းဒေသကြီးသည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွင် တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့ပြနှင့်ကျေးလက်နေ မီးသုံးသူ ပြည်သူအားလုံးသို့ ၁၀၀ ရာခိုင်နှုန်း ဓာတ်အား အပြည့်အဝပေးနိုင်သည့် ပထမဦးဆုံးတိုင်းဒေသကြီး တစ်ခုဖြစ်လာမည်ဖြစ်ပြီး၊ ယခု ကိုကိုးကျွန်းမြို့နယ်သည်လည်း ထပ်မံ၍ (၂၄)နာရီ ဓာတ်အားပေးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ကဏ္ဍဖြင့် ဂုဏ်ယူဖွယ်ရာ မြှင့်တင်ပေးနိုင်ခြင်းသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ရပ်ရွာဒေသ အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မှုများဖြစ်ကြောင်း သိရသည်။

YESC 

 

 

coco_1.jpg

coco2.jpg

 

coco3.jpg

coco4.jpg

coco5.jpg

Local News Read 477 times