မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ကို နိုဝင်ဘာလမှစ၍ စတင်ထုတ်လုပ်တော့မည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ကာ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်ဒေါက်တာ မောင်မောင်ကျော်က ပြောသည်။
အဆိုပါစက်ရုံသည် မင်းဘူးမြို့နယ်တွင်တည်ရှိပြီး လက်ရှိတွင် မြေပြင်တပ်ဆင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၁၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
“ပထမဆုံးအဆင့်အနေနဲ့ ၄၀ မဂ္ဂါဝပ်လောက်ကစပြီး ထုတ်မယ်။ ပြီးရင် ဓာတ်အားလိုင်းအခြေအနေ၊ system အခြေအနေကို ချင့်ချိန်ပြီးဆောင်ရွက်သွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးစီမံကိန်းလေ၊ ဒါကြောင့် ကျွန်တော်တို့ မူလတွက်ချက်ထားတာနဲ့ တကယ်ဖြစ်လာတာနဲ့ ဘယ်လိုကွာ ခြားချက်ရှိလဲ၊ အားနည်းချက်အားသာချက်တွေကိုကြည့်ပြီး နောက်တစ်ဆင့် ၄၀ မဂ္ဂါဝပ် ထပ်တိုးထုတ်သွားမယ်”ဟု ၎င်းက ပြောသည်။
အလားတူ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် ဝမ်းတွင်း၊ မြင်းခြံမြို့ များတွင်လည်း စက်ရုံများတည်ဆောက်ရန် ကုမ္ပဏီများနှင့် PPA စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါစက်ရုံများမှ မဂ္ဂါဝပ် ၁၅၀ စီထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြေပြင်တွင် တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေပြီဖြစ်သည်။ ထို့ပြင် ၉၉၀ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရန်အတွက် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်လည်း ကုမ္ပဏီများနှင့် MoU လက်မှတ်ရေးထိုးထားသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် Renewable Energy (လေအားနှင့်နေရောင်ခြည်တို့) မှ ဓာတ်အားထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းထည့်သွင်းအသုံးပြုရန် ဝန်ကြီးဌာနက စီစဉ်ထားသည်။ မဟာဓာတ်အားလိုင်း၏ renewable energy ကို လက်ခံနိုင်မှုအချိုးအစားအပေါ်မူတည်ကာ အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။
ထိုသို့ဆောင်ရွက်ရန်အတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကို ယခုနှစ် ဖေဖော်ဝါရီလတွင် ဒိန်းမတ်နိုင်ငံနှင့် နှစ်နိုင်ငံလက်မှတ်ရေးထိုးထားပြီး လေစွမ်းအင်နှင့်ပတ်သက်၍ သင်တန်းများပေးလျှက်ရှိသည်။ ထို့နောက်တွင် wind mapping ကို ရေးဆွဲမည်ဖြစ်ကာ လေစွမ်းအင်နှင့်ပတ်သက်၍ standard code များပြုစုရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
လေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်ရန်အတွက် ကုမ္ပဏီလေးခုနှင့် MoU လက်မှတ်ရေးထိုးထားပြီး ၆၄၇၈ မဂ္ဂါဝပ်ထုတ်လုပ်ရန် စီစဉ်ထားသည်။ ယင်းမှ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာဒေသတွင် ၃၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်အတွက် MoA အဆင့်လက်မှတ်ရေးထိုးထားသော်လည်း အစိုးရက ပြန်လည်ဝယ်ယူရမည့် လျှပ်စစ်ဓာတ်အားခမှ အနည်းငယ်များနေသဖြင့် ဈေးနှုန်းညှိနှိုင်းနေသည့်အတွက် လုပ်ငန်းမစတင်နိုင်သေးပေ။
မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ၂၀ဝ မဂ္ဂါဝပ်ကျော် ထွက်ရှိနိုင်မည့် လေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ရန်စီစဉ်နေသည်ဟုလည်း စီမံကိန်းဆောင်ရွက်မည့် Infra Capital Myanmar-ReXe(ICM) မှ စီမံကိန်းမန်နေဂျာက ပြောသည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ လေအားလျှပ်စစ်ဖြစ်မြောက် နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းများအတွက် အဆိုပါကုမ္ပဏီနှင့် မကွေးတိုင်း အစိုးရအဖွဲ့တို့ ၂၀၁၇ ခုနှစ်တွင် MoU လက်မှတ်ရေးထိုးခဲ့ကာ လေ့လာဆန်းစစ်မှုများပြီးစီးတော့မည်ဟု ဖော်ပြထားသည်။
စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။
သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်ဝန်ကြီးဌာနသို့ တရားဝင်အကြောင်းကြားစာရောက်ရှိခြင်း မရှိသေးကြောင်း ဒေါက်တာ မောင်မောင်ကျော်က ဆိုသည်။ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူရာတွင်လည်း မဟာဓာတ်အားလိုင်းအခြေအနေတွက်ချက်ခြင်း၊ ဘတ်ဂျက်ကြိုတင်လျာထားခြင်းများ ဆောင်ရွက်ရသည့် အတွက် စီမံကိန်းတစ်ခုဆောင်ရွက်မည်ဆိုပါက ဝန်ကြီးဌာနနှင့်ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်လိုအပ် သည်ဟု ဆိုသည်။