မြန်မာနိုင်ငံတွင် နေရောင်ခြည်သုံးစွမ်းအင်အသုံးပြုမှု


14 January, 2021

ရာသီဥတုအကျပ်အတည်းနှင့် ကြုံတွေ့ရာတွင် မြန်မာနိုင်ငံသည် အန္တရာယ်အရှိဆုံးနိုင်ငံထဲတွင် တစ်နိုင်ငံဖြစ်သည်။ 

မကြာသေးမီနှစ်များက အလွန်အမင်း မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်ကြောင့်‌ ဒေသခံများ‌ သောင်းနှင့်ချီ ထိခိုက်ခဲ့၍ ထောင်နှင့်ချီသော အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ သဘာ၀ဘေးအန္တရာယ်သည် ရာသီဥတုပြောင်းလဲခြင်း၏ အဓိကကျသော အကျိုးသက်ရောက်မှု များထဲမှ တစ်ခုဖြစ်သည်။

 

မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန၏ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀” အရ နိုင်ငံ၏ ရာသီဥတုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်မှုအစီအစဉ်များစွာကို ရေးဆွဲခဲ့သည်။ ၎င်း၏ နည်းဗျူဟာတစ်ခုမှာ နိုင်ငံအတွင်း ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ရင်းမြစ်များအသုံးပြုခြင်းကို ချဲ့ထွင်ရန်ဖြစ်သည်။ အဆိုပါ အစီရင်ခံစာတွင် ကာဗွန်လျှော့ချခြင်းနှင့် သဘာ၀သယံဇာတများကို ထိရောက်စွာအသုံးပြုခြင်းကို ဦးစားပေးသည့် အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးမှုလမ်းကြောင်းတွင် မြန်မာနိုင်ငံပါဝင်မည်ဟု ဖော်ပြထားသည်။

 

 

ရေအားလျှပ်စစ်သည်မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ အဓိကအရင်းအမြစ်ဖြစ်၍ တိုင်းပြည်တွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ သုံးပုံနှစ်ပုံကို ထုတ်လုပ်သည်။ ကျန်အပိုင်းကို ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများမှရရှိသည်။ ရေအားလျှပ်စစ်သုံးစွဲမှုသည် အကျိုးကျေးဇူးများစွာရှိသော်လည်း ၎င်းအတွက် ဆည်တည်ဆောက်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထွက်နေသောကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ ရှိနေသည်။

 

ထို့ကြောင့် ရေအားလျှပ်စစ်စီမံကိန်းများတည်ဆောက်ခြင်းသည် ဇီဝမျိုးကွဲများဆုံးရှုံးခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဆည်ပြိုမှုဖြစ်လျှင် ရေကြီးခြင်းဖြစ်ပေါ်စေနိုင်သည့်အတွက်  ဆည်အနီးတွင်နေသော ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သည်။

 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းမဟာဗျူဟာ ၂၀၁၈-၂၀၃၀” အရ အပူလှိုင်းကဲ့သို့သော ရာသီဥတုပြောင်းလဲခြင်းသည် လျှပ်စစ်စွမ်းအင်ထုတ်လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအပေါ် သက်ရောက်မှုရှိနိုင်သည်။ ထို့အပြင် အသစ်တဖန်ပြန်ဖြစ်လာသော စွမ်းအင်နှင့် ပြန်မဖြစ်လာသော စွမ်းအင်များကြား ညီမျှမှုကို စီမံခြင်းအပါအဝင် စွမ်းအင်ထုတ်လွှတ်မှုများပြားခြင်းသည်လည်း အရေးပါသည်။

 

 

နေရောင်ခြည်စွမ်းအင်

 

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လူဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာနှင့် နှိုင်းယှဉ်ပြောရလျှင် အနည်းဆုံး လူဦးရေ ၂၃.၅ သန်းသည် လျှပ်စစ်မီးမရရှိပေ။ ထို့ကြောင့် အိမ်ထောင်စု ၅ သန်းခန့် လျှပ်စစ်မီးလိုအပ်နေသည်ကို နိုင်ငံတွင်း သတင်းမီဒီယာများက ရေးသားကြသည်။

 

 

ဘယ်လ်ဂျီယံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော SolarPower Europe ထုတ်ဝေသည့် “ မြန်မာနိုင်ငံ၏ ဆိုလာရင်းနီးမြှုပ်နှံမှုအခွင့်အရေး” အရ အသစ်တဖန်ပြန်ဖြစ်လာသော စွမ်းအင်နှင့်ပတ်သက်၍ ရည်းမှန်းချက်များကို မိတ်ဆက်ခဲ့၍ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းအထိ တိုးမြင့်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

 

 

၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပထမဆုံး စီးပွားဖြစ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ကနဦး အဆင့်ကိုစတင်ခဲ့သည်။ အဆိုပါ ဓာတ်အားလိုင်းတွင် ၄၀ မဂ္ဂါဝပ် ထပ်ဖြည့်ခဲ့သည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း  လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ရေရှည်ရည်မှန်းချက်တစ်ခုဖြစ်သည်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်သည် မည်သည့်စွမ်းအင်အရင်းအမြစ်ကိုမှ အားမကိုးကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နေရောင်ခြည်နှင့် ရေအား နှစ်မျိုးရော လျှပ်စစ်ထုတ်လုပ်သည့်စနစ်အောက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်ကိုလည်း အသုံးပြုရန်စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

 

တိုင်းပြည်၏ လျင်မြန်စွာတိုးပွားနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို စွမ်းအင်ထုတ်လုပ်သည့် ရင်းမြစ်အမျိုးမျိုးကိုအသုံးပြု၍ ဖြည့်ဆည်းရန်ဖြစ်သည်။ ဝန်ကြီးဌာနသည် လာမည့်နွေရာသီတွင် စွမ်းအင် ၁,၀၃၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၉ ခုအတွက် တင်ဒါခေါ်ယူခဲ့သည်။

 

 

SolarPower Europe ၏ အစီရင်ခံစာအရ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများသည် ကုန်ကျစရိတ် သက်သာစေသည်။ နေရောင်ခြည်စွမ်းသည် ခြောက်သွေ့သောရာသီတွင် လျှပ်စစ်ပြတ်လပ်မှုကို ထိန်းညှိပေးပြီး မိုးရာသီတွင် လျှပ်စစ်ဓာတ်အားပေးနိုင်မှု များပြားခြင်းမရှိပေ။ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်မှုကို ရေအားလျှပ်စစ်ဖြင့် ဖြည့်ဆည်းပေးသည်။ သို့သော် သဘာဝပတ်ဝန်းကျင်၊ ပထဝီနိုင်ငံရေးနှင့် လူမှုကုန်ကျစရိတ်များမှာ တိုင်းပြည်အတွက် စိုးရိမ်မှုများရှိနေသည်။

 

နေရောင်ခြည်သုံးစွမ်းအင်သည် မိုးရာသီတွင် နေရောင်ခြည်အလင်းရောင် ၅၀ ရာခိုင်နှုန်း လျှော့ချခြင်းကဲ့သို့ အားနည်းချက်များရှိနေသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော စွမ်းအင်ထုတ်လုပ်မှုဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က ဆိုသည်။ မည်သို့ဆိုစေကာမူ နေရောင်ခြည်သုံးစွမ်းအင်သည် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို မီးရရှိစေမည့် အလားအလာရှိသည်။

Ref: The ASEAN Post

Local News Read 373 times