နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ် ထုတ်လုပ် တင်ဒါခေါ်ယူခဲ့ရာ၌ တင်ဒါအကြိုကာလ တိုတောင်းနေပြီး အထူးသဖြင့် ကိုဗစ်စီမံချက်အရ ပြည်ပလေယာဉ်များ ဆိုက်ရောက်ရန် တားမြစ်ထားသဖြင့် လာရောက်ပြီး ကွင်းဆင်းလေ့လာရန် အခက်အခဲ ရှိနေစဉ် အချိန်လုံလုံလောက်လာက် မရရှိသည့်အပေါ် ပြောဆို ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ထိုစီမံကိန်းများအတွက် မေလ ၁၈ ရက်နေ့တွင် တင်ဒါစတင်ခေါ်ခဲ့ပြီး တင်ဒါ ပိတ်ရက်သည် ဇူလိုင်လ ၁၇ ရက်နေ့ဖြစ်သည်။
ယခုအခါ ကုမ္ပဏီပေါင်း ၅၂ ခုက စီမံကိန်း အဆိုပြုလျှောက်လွှာပေါင်း ၁၅၅ ခု အထိ ဝင်ရောက်ယှဉ်ပြိုင်ထားသည်ဟု သိရသည်။ ထိုကုမ္ပဏီများတွင် အများစုမှာ တရုတ်ကုမ္ပဏီများ ဖြစ်ပြီး ကျန်သည်တို့တွင် အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းကုမ္ပဏီများ၊ အနောက်နိုင်ငံများနှင့် ပြည်တွင်းဖက်စပ်ကုမ္ပဏီများလည်း ပါဝင်သည်။ ထူးခြားချက်မှာ တရုတ်ကုမ္ပဏီ Sungrow က စီမံကိန်း ၂၀ကျော်အထိ ဝင်ရောက်ယှဉ်ပြိုင်ထားသည်ဟု သိရသည်။
စွမ်းအင်ကုမ္ပဏီတစ်ခု ဖြစ်သော တရုတ်ကုမ္ပဏီ Sungrow ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါသက်တမ်း ၂၂နှစ်ကျော်ပြီဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများသည် နိုင်ငံပေါင်း ၆၀ ကျော်ကို လွှမ်းခြုံထားပြီး နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာများ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလုပ်ဆောင်သည်ဟု သိရသည်။ နိုင်ငံပေါင်း ၆၀ ကျော်တွင် လျှပ်စစ်ဓာတ်အား တပ်ဆင်မှုများကို လုပ်ဆောင်ပြီး ကမ္ဘာတစ်ဝန်း စျေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းကျော်ကို ထိန်းသိမ်းထားသည်ဟု သိရသည်။
သတ်မှတ်ပြဌာန်းချက် တစ်ရပ်မှာ တင်ဒါအောင်မြင်ပြီးပါက ၆ လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် ဓာတ်အား မလုံလောက်သည့် ပြဿနာ အကြီးထွားဆုံးဖြစ်သော နွေရာသီတွင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ချက် ရှိထားသဖြင့် လာမည့် ၂၀၂၀-၂၁ နွေရာသီတွင် အဆိုပါ စီမံကိန်းများမှ ရရှိသည့် ဓာတ်အားပမာဏဖြင့် ဖြည့်တင်းမည် ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည့် စခန်းတစ်ခုလျှင် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ၄ ခု ၊ ပဲခူးတိုင်းတွင် ၇ ခု၊မကွေးတိုင်းတွင် ၆ ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု ၊နေပြည်တော်တွင် ၃ ခုနှင့် ရန်ကုန်တိုင်းတွင် ၁ ခု တည်ဆောက်သွားမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည့် စခန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး စီးပွားဖြစ်စတင်ထုတ်လုပ်နိုင်သည့်ရက်မှ နှစ် ၂၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။
နိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ ယခင်ကတည်းက ပုံမှန်ထုတ်လုပ်နေသော စီမံကိန်းများသည် ၃၀၀၀ မဂ္ဂါဝပ်သာရှိနေခြင်းကြောင့် ရေတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် LNG to Power ၅နှစ် စီမံကိန်းများနှင့် နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပါဝါ စီမံကိန်းများကို ဆောင်ရွက်ပြီး ဖြည့်ဆည်းပေးခြင်းဖြစ်သည်။