အိန္ဒိယသို့ အစိုးရချင်းသဘောတူညီမှုဖြင့် ပဲရောင်းချ


05 February, 2019

အိန္ဒိယသို့ ပဲတင်ပို့ရောင်းချရာတွင် အစိုးရချင်းသဘောတူညီမှုဖြင့် (G to G) ပဲရောင်းချရေးနှင့် သီးသန့်ခွဲတမ်းပိုမိုရရှိရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရနှင့် ညှိနှိုင်းပေးရန် အသင်းကတိုက်တွန်းမည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းအတွင်းရေးမှူးဦးမင်းကိုဦးမှ ပြောကြားပါတယ်။

အိန္ဒိယပြည်နယ်အစိုးရများက ပြည်ပမှ ပဲတင်သွင်းခွင့်ကို ဇန်နဝါရီ ၃၁ရက်တွင် စတင်တားဆီးပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ကျဆင်းနေပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်သည် ပဲစင်းငုံအသစ်ပေါ်နေပြီး မကြာမီ မတ်ပဲအသစ်လည်း ပေါ်မည်ဖြစ်၍ ဈေးနှုန်းကျဆင်းခြင်းက တောင်သူလယ်သမားများ အခက်အခဲဖြစ်စေပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံပဲ၊ နှမ်းအသင်းအနေဖြင့် လက်ရှိကြုံတွေ့နေသည့် အခြေအနေကို ဝန်ကြီးဌာနက အမြန်ဆုံးကူညီဖြေရှင်းပေးရေး တိုက်တွန်းခြင်းဖြစ်ကြောင်း ဦးမင်းကိုဦးမှပြောပါတယ်။ ‘‘ကျွန်တော်တို့အသင်းအဖွဲ့ အနေနဲ့က ဟိုဘက်ကအိန္ဒိယအစိုးရကို ပြောနိုင်တဲ့အင်အားမရှိဘူးလ’’ ဟု ၎င်းကပြောပါတယ်။

အစိုးရချင်းသဘောတူညီမှုဖြင့် အိန္ဒိယနိုင်ငံသို့ ပဲရောင်းချနိုင်ရန် စီးပွားကူးသန်းဝန်ကြီးဌာနက စာချုပ်များပေးပို့ထားပါတယ်။ သို့ သော် တစ်လကျော်သည်အထိ အိန္ဒိယအစိုးရဘက်ကအကြောင်း မပြန်သေးကြောင်း ဇန်နဝါရီ နောက်ဆုံးပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဇန်နဝါရီလယ်ပိုင်းအထိ သုံးလခွဲအတွင်း အိန္ဒိယနိုင်ငံသို့မတ်ပဲတန်ချိန် သုံးသိန်းနှစ်သောင်းတင်ပို့ခဲ့ပါတယ်။ ယင်းပမာဏက ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန်နှစ်သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဦးခင်မောင်လွင်ကပြောပါတယ်။

အစိုးရချင်းသဘောတူညီမှုဖြင့် အိန္ဒိယသို့ ပဲတင်ပို့ရန် အချိန်လိုအပ်မည်ဆိုပါက ယခုနှစ်ဧပြီတွင် အိန္ဒိယအစိုးရက ပြည်ပမှ တင်သွင်းခွင့်ပြုမည့် ပဲများ၌ မြန်မာနိုင်ငံက ခွဲတမ်းပိုမိုရရှိရေး စီးပွားကူးသန်း ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းပေးရန် ပဲ၊နှမ်းအသင်းက တိုက်တွန်းရန်ပြင်ဆင်နေပါတယ်။ အိန္ဒိယက အဝယ်ရပ်ပြီးနောက်  ပြည်တွင်းဈေးကွက်တွင် ဖေဖော်ဝါရီ ၃ ရက်၌ မတ်ပဲတစ်တန်လျှင် ကျပ် ၅၇၀,၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၆၈၀,၀၀၀ ဈေးရှိနေပါတယ်။ မတ်ပဲတစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၈၀,၀၀၀ ခန့်ကျဆင်းခြင်းဖြစ်ပါတယ်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးသည့်မတ်ပဲကို ယခုနောက်ပိုင်း ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဝယ်ယူလိုသည်။ သို့သော် မတ်ပဲတစ်တန်၏ဈေးနှုန်းကို ဒေါ်လာ ၃၆၀ (ကျပ် ၅၄၇,၀၀၀)ခန့်သာ ဈေးပေးခြင်းကြောင့် ပြည်တွင်း ပေါက်ဈေးထက်နိမ့်ကျသဖြင့် ရောင်းချနိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် မတ်ပဲ၊ပဲစင်းငုံ အသစ်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရိတ်သိမ်းပြီးပဲများကို ဈေးနှုန်းစောင့်၍ ထိန်းရောင်းရန် ပဲကုန်သည်အချို့က အကြံပြုပါတယ်။

7 Day Daily

Export, Import Read 2496 times