မဖြေရှင်းနိုင်သေးသည့် နယ်စပ်ကုန်သွယ်ရေးပြဿနာ


03 January, 2019

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်အများစု ဈေးကွက်တည်ရှိပြီး နယ်စပ်ကုန်သွယ်မှုအားလုံး၏ ၇ဝ ရာခိုင်နှုန်းကျော်ရှိနေသည့် မြန်မာ−တရုတ်နယ်စပ်ကုန်သွယ်မှုသည် နှစ်ကာလကြာရှည်စွာ ကုန်သွယ်ရေး မတည်ငြိမ်မှုများဖြင့် ဖြတ်သန်းနေရကာ ယခုအထိ အဆိုပါအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။မြန်မာဘက်က တရားဝင်တင်ပို့သော်လည်း တရုတ်ဘက်က တရားမဝင်သတ်မှတ်ထားသည့်အတွက် မကြာခဏ ကုန်သွယ်မှုရပ်ဆိုင်းခြင်း၊ တရုတ်နိုင်ငံဘက်တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသားဘဏ်အကောင့်များကို ရံဖန်ရံခါ အပိတ်ခံရခြင်းနှင့် မြန်မာနိုင်ငံနယ်စပ်တွင် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများက ကုန်သွယ်ရေးမတည်ငြိမ်မှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။

မြန်မာ့ဆန်ပြည်ပတင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းဝန်းကျင်သည် တရုတ်နိုင်ငံသို့သွားပြီး တစ်နိုင်ငံလုံး ပြောင်းတင်ပို့မှုအများဆုံး ဈေးကွက်လည်းဖြစ်သည်။ ထို့ပြင် ဖရဲ၊ သရက်၊ သခွား စသည်တို့လည်း တရုတ်ဈေးကွက်သို့ အားထားတင်ပို့နေရသည်။ယခုအခါ မြန်မာဘက်က သစ်သီးဝလံ အဓိကတင်ပို့နေသော မူဆယ်နယ်စပ်ရှိ တရုတ်−မြန်မာ နယ်စပ်ဂိတ်ဖြစ်သော ကျင်စန်းကျော့ ဝင်ပေါက်ဂိတ်ကို မြန်မာတပ်မတော်၏ တပ်ခွဲတစ်ခုက အထက်အမိန့်အရ လုံခြုံရေးဟုဆိုကာ ဒေသခံကုန်သည်အသင်းများထံ တရားဝင်အကြောင်းကြားမှု တစ်စုံတစ်ရာမရှိပဲ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က စတင် ပိတ်ပင်ခဲ့သည်ဟု ၁ဝ၅ မိုင်၊ မူဆယ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဌ ဦးစိုင်းမြင့်ဘိုက မြန်မာတိုင်း(မ်)ကို ပြောသည်။ကျင်စန်းကျော့ ဝင်ပေါက်ဂိတ်သည် မြန်မာဘက်က ဖရဲ၊ သခွား၊ ငါးရှဉ့်၊ ကဏန်းတို့ကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ၁ဝ ခုက ထွက်ရှိသော ဖရဲသီးများကို နိုင်ငံတော်သို့ တစ်တန်လျှင် ကျပ် ၂,၆ဝဝ အခွန်ပေးသွင်း၍ ပြည်ပတင်ပို့နေခြင်း ဖြစ်သည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ထိတိုင် ပိတ်နေဆဲဖြစ်သည့် ကျင်စန်းကျော့ဝင်ပေါက်ဂိတ်ကြောင့် ဖရဲသီး၊ သခွားသီးတင်ထားသည့်ကား ၁,၅ဝဝ ကျော်ပိတ်မိကာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး ကားတစ်စီးလျှင် အနည်းဆုံး ကျပ် ၁ဝ သိန်းနစ်နာကြောင်း ဦးစိုင်းမြင့်ဘိုက ပြောသည်။''နိုင်ငံရေးအရပဲဖြစ်စေ၊ လုံခြုံရေးအရပဲ ဖြစ်စေ ပိတ်မယ်ဆိုရင်လည်း ကိုယ့်နိုင်ငံသားရဲ့အကျိုးကိုတော့ ကာကွယ်စောင့်ရှောက်သင့်တာပေါ့။ အခုကျတော့ ဒီလိုလုပ်လိုက်တဲ့အတွက် ဖရဲသီး၊ သခွားသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူတွေရဲ့ ဆုံးရှုံးနစ်နာမှုက နည်းနည်းနောနောမဟုတ်ဘူး။ အကြီးအကျယ်ဆုံးရှုံးတာ''ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်မှစ၍ ပိတ်ခဲ့သည့် ကျင်စန်းကျော့ ဝင်ထွက်ဂိတ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် ရှမ်းပြည်နယ်အစိုးရထံ ၁ဝ၅ မိုင်၊ မူဆယ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်က စာဖြင့် တရားဝင် တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားသည်။၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလလယ်ကလည်း ဒုတိယသမ္မတနှင့် ကုန်သည်အသင်းများတွေ့ဆုံရာတွင် ဖရဲ၊ သခွားများ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီကုန်သွယ်ရေး ဝင်ပေါက်မှသာ တင်ပို့ရောင်းချခွင့်ရသဖြင့် အခြားနယ်စပ်ဝင်ပေါက်များနှင့် ရေကြောင်း၊ လေကြောင်းများမှပါ တင်ပို့ခွင့်ရရှိရေး ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တင်ပြတောင်းဆိုခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်က ဆန်၊ ပြောင်းတို့ကို ပိတ်ထားသည်မှာ သုံးလတာကြာမြင့်နေပြီဖြစ်ရာ ဆန်တင်ပို့မှုသည် ယမန်နှစ်က တန်ချိန် သုံးသန်းခွဲ တင်ပို့ခဲ့ရသော်လည်း ယခုနှစ်တွင် နှစ်သန်းကျော် တင်ပို့နိုင်ရေးကိုပင် ကြိုးပမ်းလုပ်ဆောင်နေရပြီး ရေရှည်တွင် ဆန်၊ စပါးဈေးနှုန်း ပြန်ကျနိုင်ကာ ပြောင်းမှာလည်း သိုလှောင်ရန် အခက်အခဲဖြစ်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ဆိုသည်။အလားတူ မြန်မာနိုင်ငံထွက် ပဲဈေးကွက် ၉ဝ ရာခိုင်နှုန်းရှိသော အိန္ဒိယမှာလည်း ၎င်းတောင်သူများအကျိုး ကာကွယ်ကာ ပြည်ပက ပဲတင်သွင်းခွင့် ပိတ်ပင်ထားပြီး အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုခဲ့သည်။ မြန်မာ့ပဲလောက ဂယက် အကြီးအကျယ် ရိုက်ခတ်ပြီးနောက် နှစ်နှစ်ခန့်ကြာသည့်တိုင် အစိုးရအချင်းချင်း G to G လက်မှတ်ရေး တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေးနေဆဲအဆင့်ထက် ကျော်မလာခဲ့ပေ။ အစိုးရက လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးမှုနှင့် ပတ်သက်၍ ကုန်သည် အသိုင်းအဝိုင်းက ဆွေးနွေးမှုအဆင့်သည် အဖြေမဟုတ်ကြောင်း ဝေဖန်ပြောဆိုကြသည်။

 ''အဓိကက တရုတ်နယ်စပ်ကုန်သွယ်ရေးကို အဓိက ကိုင်တွယ်ရမယ်။ လယ်ယာထွက်ကုန်ကြည့်ရင် တရုတ်၊ ပဲဆိုရင် အိန္ဒိယ ဒီနိုင်ငံတွေနဲ့ စာချုပ်ချုပ်နိုင်အောင် အစိုးရက ဆောင်ရွက်ဖို့သင့်တယ်လို့ မြင်တယ်။ တရုတ်တို့၊ အိန္ဒိယတို့က ကျွန်တော်တို့အတွက် အရေးကြီးတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ တိုက်ရိုက်ဆက်စပ်တယ်။ တောင်သူလယ်သမားတွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်စပ်တဲ့အတွက်ကြောင့်မို့ ဒါကိုတော့ ဦးစားပေး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်''ဟု ဆန်စပါး အသင်းချုပ်ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။နယ်စပ်အင်အားကြီး နိုင်ငံများနှင့် ကုန်သွယ်ရေးကိစ္စရပ်များ တစ်စိုက်မတ်မတ် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းများကြောင့် အစိုးရအချင်းချင်း ရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုရေး အကောင်အထည် ပေါ်မလာသေးခြင်းသည် အစိုးရဘက်က ကုန်သွယ်ရေးအပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုသည်။

 ''မူဝါဒက တိကျပြတ်သားတာ မရှိဘူး။ တစ်စိုက်မတ်မတ် မလုပ်ခဲ့တာလေးတွေ ရှိတယ်။ တစ်စိုက်မတ်မတ် လုပ်ခဲ့ဖို့လိုတယ်။ ဘယ်နိုင်ငံနဲ့ပဲ ဖြစ်ဖြစ်တစ်စိုက်မတ်မတ်မူဝါဒ ရှိသင့်တယ်။ ပြဿနာရှိမှ ထဖြေရှင်းတာပဲ ရှိပြီးတော့ ကြိုတင်လုပ်ဆောင်ခန့်မှန်းပြီး ကာကွယ်တားဆီးတာ မရှိဘူး။ ဝန်ကြီးဌာနဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကလည်း မနိုင်မနင်းဖြစ်ပြီး တစ်စိုက်မတ်မတ် မလုပ်နိုင်ကြဘူး။ ဦးဆောင်နိုင်မှုလည်း လိုတယ်''ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။''အဓိကကတော့ စိတ်ဝင်စားမှုပါပဲ။ သက်ဆိုင်ရာ ခေါင်းဆောင်တစ်ယောက်က စိတ်ဝင်စားတယ်ဆိုရင် မဖြစ်ဖြစ်အောင် လုပ်ကြတာပဲ။ ညှိနှိုင်းနေပါတယ်ဆိုတာ အဖြေမှ မဟုတ်တာ''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဒေါက်တာစိုးထွန်းကလည်း ပြောသည်။သမ္မတဦးသိန်းစိန်လက်ထက်တွင် တရုတ်နှင့် ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်အောင် အစိုးရချင်း G to G လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် မရှိသေးပေ။ အိန္ဒိယနှင့်လည်း ပဲကိစ္စညှိနှိုင်းနေသည်ဟု ဆိုသော်လည်း ယခုချိန်ထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

 ထိုင်းဝန်ကြီးချုပ်ခရီးသွားပါက ဆန်တန်ချိန် ပမာဏတစ်ခု ရောင်းချရန် လက်မှတ်ရေးထိုးသည့် အလားတူ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော် ခေါင်းဆောင်များ ခရီးသွားရာတွင် နှစ်နိုင်ငံ G to G လက်မှတ်ထိုးသည်ကို မြင်ချင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အဆင့် ခေါင်းဆောင်များ၏ ခရီးစဉ်များအတွင်း ထိုသို့ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာစိုးထွန်းက ထောက်ပြပြောဆိုခဲ့သည်။''ကျွန်တော်တို့ မြင်တာက ဒါက အဓိက ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းလို့ မြင်တယ်။ နှစ်နိုင်ငံသမ္မတတွေ လာပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ လက်မှတ်ထိုးတဲ့ဟာတွေက သိပ်အကျိုးမရှိဘူး''ဟု ၎င်းက ဆိုသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ပခရီးစဉ်များ သွားရောက်စဉ်အတွင်း နိုင်ငံ၏ ထုတ်ကုန် ရောင်းချရေးအတွက် အစိုးရအချင်းချင်း လက်မှတ်ရေးထိုးခြင်းများ မရှိသကဲ့သို့ အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်အတွင်း၌လည်း ပဲရောင်းချရန် နှစ်နိုင်ငံ G to G လက်မှတ်ထိုးစွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို ၎င်းက ထောက်ပြသွားခဲ့သည်။

 ''နှစ်ဖက်အကျိုးရှိဖို့ မဆွေးနွေးနိုင်တဲ့ အချက်တွေက နိုင်ငံရေးမှာ အားနည်းလို့ပါတယ်။ ကိုယ့်ဘက်က နိုင်ငံရေးအရရော၊ ဘက်စုံအားနည်းတဲ့အတွက်ပါ လိုက်လိုက်လျောလျောနေပြီး ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူဈေးကွက်ဖြစ်သွားတာ''ဟု ဒေါက်တာမောင်မောင်လေးက ဆိုသည်။တစ်ဖက်တွင်လည်း နိုင်ငံတကာက အမျိုးသားရေးဖြင့် ၎င်းတို့အကျိုးစီးပွားကို ကာကွယ်သော အစိုးရဖြစ်လာပြီး မြန်မာနိုင်ငံသည်လည်း သတ္တိရှိရှိ ကာကွယ်ရန်လိုအပ်ကြောင်း၊ သို့သော် အစိုးရ၏ မူဝါဒသည် အကြောင်းအမျိုးမျိုးကြောင့် အားနည်းလာသည့်ပုံစံ ရှိကြောင်းလည်း ၎င်းက ပြောသည်။အထူးသဖြင့် ကုန်သွယ်မှုတွင် နိုင်ငံခြားလက်လီ၊ လက်ကား ခွင့်ပြုလုပ်ပိုင်ခွင့်ပေးခဲ့ခြင်းအပေါ် ၎င်းက ဝေဖန်ပြောဆိုခဲ့ပြီး နိုင်ငံတော်တော်များများတွင် လက်လီ၊ လက်ကား ကုန်သွယ်ခွင့်ကို တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာရှိရန် ချန်လှပ်ကြကြောင်း ၎င်းက ထောက်ပြသည်။

''အဓိက ပြန်စဉ်းစားရမှာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြည်တွင်းငြိမ်းချမ်းရေးမဖြစ်ရင် မတိုးတက်နိုင်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရှိဖို့ သူများက ကူညီပြီးသူများကို အားနာနေရတယ်ဆိုတာလည်း မကောင်းဘူး။ သူများခိုင်းစေတာကို လုပ်ရတဲ့ဘဝမျိုးလည်း ဖြစ်သွားနိုင်တယ်။ သူများသြဇာ ပိုပြီး ကိုယ့်အပေါ်ညောင်းလာတတ်ပါတယ်။ မြန်မာနိုင်ငံမှာ မှီတည်နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးရယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကလည်း နားလည်ဖို့လိုပါတယ်။ ကိုယ့်ဟာကိုယ် ညီညီညွတ်ညွတ်နဲ့ ကိုယ့်ပြည်တွင်းရေးကို ပြည်တွင်းမှာပဲ ယုံယုံကြည်ကြည်ဖြစ်ပြီး သမိုင်းကြောင်းလှအောင် ရေးသင့်ပါတယ်။ မဟုတ်ရင် အခုလို တောင်စဉ်ရေမရနဲ့ ဆွေးနွေးပြီးတော့ တစ်ဖက်သားရဲ့ခြယ်လှယ်မှုကို ကိုယ်က ခံရမှာတွေရှိပါတယ်''ဟု ဒေါက်တာမောင်မောင်လေးက တိုက်တွန်းပြောဆိုသည်။

Myanmar time

Export, Import Read 478 times