ဗဟိုဘဏ်စည်းမျဉ်းသတ်မှတ်ချက်များ ပြုပြင်ပြီးဖြစ်၍ ပုဂ္ဂလိကဘဏ်အချို့ ချေးငွေများ ပြန်လည်ထုတ်ချေးမည်ဟု ဘဏ်အကြီးတန်းအရာရှိအချို့က ပြောခဲ့ပါသည်။
ဘဏ်များတွင် ငွေကြေးကျပ်တည်းနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေသော်လည်း အမှန်တကယ်အခြေအနေမှာ ဗဟိုဘဏ်က ထုတ်ပြန်သည့် ချေးငွေနှင့်ပတ်သက်သော စည်းမျဉ်းများ ပြန်လည်ပြုပြင်နေခြင်းကြောင့် ငွေထုတ်ချေးခြင်း ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်သူတစ်ဦးက ပြောခဲ့ပါသည်။
အဓိကမတည်ငွေ၏ ၂၀ ရာ ခိုင်နှုန်းကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုသို့ ထုတ်ချေးထားသော ကြွေးမြီများ လျှော့ချရန် ဇန်နဝါရီ ၈ ရက်တွင်ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။
ယင်းညွှန်ကြားချက်နှင့် ဆက်စပ်၍ ပြည်တွင်းဘဏ်များက ပမာဏကြီးမားသော ချေးငွေကို သုံးနှစ်သက်တမ်းအတွင်း ကာလတစ်ခုသတ်မှတ်ကာ လျှော့ချမည့် အစီအစဉ်ကို လာမည့် မတ်လ ၃၁ ရက် နောက်ဆုံးထား တင်ပြရမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ထားပါသည်။
ပမာဏကြီးမားသော ချေးငွေများ လျှော့ချရေးအစီအစဉ်နှင့် ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက ဘဏ်အများစုက တင်ပြမှုများရှိသည်ဟု ဗဟိုဘဏ် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောခဲ့ပါသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် စည်းမျဉ်းကိုက်ညီရန် မူလချေးငွေများ ပြန်လည်တောင်းယူရခြင်း၊ ဘဏ်ပိုင်ရှင်များက ငွေကြေးထပ်မံဖြည့် ဆည်းခြင်းတို့ ပြုလုပ်ခဲ့၍ ယင်းကာလတွင် ချေးငွေအသစ်များ ထုတ်ချေးခြင်းကို ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရပါသည်။
လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို ပမာဏများစွာငွေ ချေးခြင်းသည် သက်ဆိုင်ရာဘဏ် အတွက် စွန့်စားမှု ကြီးမားခြင်းကြောင့် ယင်းအခြေအနေ လျှော့ချရန် ဗဟိုဘဏ်ကစီစဉ်ခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောခဲ့ပါသည်။
ဘဏ်များက ပြည်သူများ အပ်ငွေကို ပြန်လည်ထုတ်ချေးခြင်းဖြစ်၍ ဗဟိုဘဏ်စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်သည် ပြည်တွင်းဘဏ်များအတွက် အကာအကွယ်ဖြစ်သည်ဟု ၎င်းကပြော ကြားသည်။
ပုဂ္ဂလိကဘဏ်အများစုသည် ၂၀၀၃ ဘဏ်အကျပ်အတည်းအပြီး ငွေချေးရာတွင် ခိုင်မာသည့် အပေါင်ပစ္စည်းများမရှိဘဲ ငွေချေးမပေးကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောခဲ့ပါသည်။
Source:7day daily