မွေးမြူရေးလုပ်ငန်းသုံး ကုန်ကြမ်းများ ဈေးမြင့်မှုကြောင့် လုပ်ငန်းတချို့ ရပ်နားထားရ


26 December, 2018

မွေးမြူရေးလုပ်ငန်းသုံး ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနု စသည့် ကုန်ကြမ်းဈေးနှုန်းများ ကြီးမြင့်နေသဖြင့် အစာခြောက်ထုတ်လုပ်သည့် စက်ရုံတချို့ ထုတ်လုပ်မှုရပ်နားထားရကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

"အရင်နှစ်တွေက ပဲဖတ်နဲ့ နှမ်းဖတ်ဈေးပဲကြီးတာပါ။ ဒီနှစ်မှာတော့ ဖွဲနုဈေးနဲ့ ပြောင်းဈေးတွေပါ လိုက်ပြီးတက်လာတော့ အစာကုန်ကြမ်းဈေးက မွေးမြူသူ၊ ထုတ်လုပ်သူတွေအတွက် အဆင်မပြေတော့ဘူး။ဒါကြောင့် တချို့အစာတောင့်စက်ရုံတွေဆို ရပ်နားထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လုပ်ငန်းပြန်လည်ပတ်ဖို့ တော်တော်ခက်ခဲ နေတယ်" ဟု အောင်မြင်သူ အစာတောင့်စက်ရုံလုပ်ငန်းရှင် ဦးငွေထွန်းကပြောကြားခဲ့ပါတယ်။

ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ပြည်ပမှ တင်သွင်းလာသည့် မွေးမြူရေးအစာကုန်ကြမ်းဈေးနှု်းများလည်း လိုက်ပါမြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်လာဈေးအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း မွေးမြူရေးအစာကုန်ကြမ်းဈေးနှုန်းများ ပြန်လည်ကျဆင်း လာခြင်း မရှိသေးကြောင်း သိရပါတယ်။"အရင်းအနှီးက တစ်ကျပ်ရင်းရမယ့် နေရာမှာ သုံးကျပ်လောက် ရင်းနေရတယ်" သုံးကျပ်ရင်းပြီးတော့ ရတဲ့ငွေကြေးကလည်း သုံးကျပ် တောင် မရတဲ့အခါကျတော့ အရှုံးများနေတယ်။ ဒီအရှုံးနဲ့ပဲ ဆက်သွားနေမယ့်အစား လုပ်ငန်းရပ်လိုက်တာက ပိုကောင်းမယ်" ဟု ဦးငွေထွန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ငါးကန်များအတွက် အစာတောင့်များမထုတ်လုပ်နိုင်တော့သည့်အပြင် ငါးကန်များတွင်လည်း ပုံမှန်အစာကျွေးရန် ခက်ခဲ နေကြောင်း ငါးမွေးမြူရေးလုပ်ကိုင်သူတချို့ပြောကြားခဲ့ပါတယ်။ အစာဈေးနှုန်း မြင့်မားမှုကြောင့် ပြန်လည်ရောင်းချသည့်ဈေးနှင့် တွက်ခြေမကိုက်မည်ကို စိုးရိမ်ကြသဖြင့် အစာကျွေးနှုန်းလျှော့ချထားရကြောင်း သိရပါတယ်။

လက်ရှိအစာဈေးနှုန်းများမှာ ဖွဲနုတစ်ပေါင်လျှင် ငွေကျပ် ၁၅၅ ကျပ်မှ ၁၆၀၊ ဆန်ကွဲတစ်ပေါင်လျှင် ငွေကျပ် ၁၆၀ မှ ၁၆၅ ကျပ်၊ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၆၅၀ မှ ၆၆၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀ နှင့် ပဲပုပ်ဖတ်တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိကြောင်း မွေးမြူရေးအစာဈေးကွက်မှ သိရပါတယ်။

Myawady

Local News Read 405 times