ဆန်ကုန်သည်အချို့ လျှပ်စစ်မီးပြတ်၍ ဆန်စက်မလည်နိုင်ခြင်းကြောင့် အခက်တွေ့နေ


06 May, 2019

ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တောက်မှုများခြင်းကြောင့် ဆန်စက်များမလည်နိုင်သဖြင့် ကုန်သည်များအကြား ငွေကျပ်တည်းမှု အခြေအနေကြုံတွေ့နေရတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက ပြောပါတယ်။

ပြည်ပပို့ရန် အရည်အသွေး မြှင့်တင်လိုတဲ့ ဆန်များ စက်မှာစုပုံနေပြီး သင်္ဘာတင်နိုင်မှုမရှိခြင်း၊ ထပ်မံအသစ်ရောက်လာတဲ့ ဆန်များ ဝယ်ယူရာမှာလည်း ငွေရှင်းချိန်ကြာမြင့်ခြင်းတို့က လျှပ်စစ်မီးပြတ်တောက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေကြောင်း ၎င်းကပြောပါတယ်။

ဧရာဝတီ၊ ပဲခူးတိုင်းအရှေ့ခြမ်း ဒေသများမှ ရန်ကုန်ဈေးကွက်ဆီ ဝင်လာတဲ့ဆန်တွေကို ပြည်ပဈေးကွက်ရောင်းချရေး အရည်အသွေးမြှင့်တင်ရန် ရန်ကုန်ဆန်စက်များမှာ ထပ်မံကြိတ်ခွဲရပါတယ်။ ဒါပေမယ့် သင်္ကြန်အပြီး အချိန်ကြာမြှင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အရည်အသွေးမြှင့်တင်ရမယ့် ဆန်များ စက်မှာစုပုံလာပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံကို ဆန်တင်ပို့နိုင်ခြင်းမရှိခြင်းကြောင့် ရန်ကုန်ဈေးကွက်မှာ နေ့စဉ် ဆန်အိတ်ရေ ငါးသောင်းမှ တစ်သိန်းအကြား အဝင်ရှိနေပါတယ်။

လက်ရှိ ဆန်စက်များမှာ အရည်အသွေးမြှင့်တင်ရန် ဆန်များ စုပြုံနေပြီး လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် မကြိတ်ခွဲနိုင်သဖြင့် နောက်ထပ်အသစ်ရောက်လာတဲ့ ဆန်များကို ဈေးလျှော့ ဝယ်ယူမှုများ ရှိနေပါတယ်။

 ဒါ့အပြင် ဆန်ဝယ်ယူရာတွင်လည်း ယခင်က သုံး၊ လေးရက်အတွင်း ငွေရှင်းနိုင်ပေမယ့်လည်း ရန်ကုန်မီးပြတ်မှု စတင်ပြီးနောက် ကိုးရက်၊ ၁၀ ရက်ခန့် ငွေရှင်းဖို့ အချိန်ကြာမြင့်နေကြောင်း ဘုရင့်နောင် ဆန်ကုန်သည်အချို့က ပြောပါတယ်။

 ထိုအခြေအနေက ပြည်ပသို့ ဆန်တင်ပို့သူများနဲ့ ဘုရင့်နောင်ဆန်ကုန်သည်များအကြား ငွေအကျပ်အတည်းဖြစ်လာပြီး စပါးဈေးကလည်း ကျပ်ငါးသိန်းအောက် ကျဆင်းလာပါတယ်။

လက်ရှိ ရန်ကုန်ဆန်ဈေးကွက်မှာ ပြည်ပတင်ပို့ဖို့ ဆန်ဝယ်လိုအား လျော့နည်းသလို ဆန်တစ်အိတ်ဈေးနှုန်းကလည်း အရည်အသွေးနဲ့ ဆန်သားပါဝင်မှုပေါ် မူတည်ပြီး တစ်အိတ်ကို ၁၉,၃၀၀ ကျပ်မှ ၁၇,၀၀၀ ကျပ်အကြား ဈေးရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုက တစ်နှစ်လျှင်ဆန်တန်ချိန် ၁၄ သန်းခန့်ရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ၁၀ သန်း အောက်မှာ ရှိနေပါတယ်။ ၂၀၁၇ - ၁၈ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃.၆ သန်းခန့် တင်ပို့ခဲ့ပါတယ်။

ဒါပေမယ့်၂၀၁၈ ဧပြီမှ ၂၀၁၉ မတ်လကုန်အထိ ပြည်ပဆန်တင်ပို့မှုက ၂.၃ သန်း ကျော်သာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဆန်လက်ကျန် တန်ချိန် ၁.၃ သန်းခန့် ကျန်ရှိမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က ခန့်မှန်းပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှ ဧပြီသုံးပတ်အတွင်း အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၈,၀၀၀ ခန့်၊ အာရှနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၃၀၀ ကျော်နဲ့ ဥရောပနိုင်ငံများသို့ တန်ချိန် ၃၄,၀၀၀ ကျော် တင်ပို့ဖို့ စီစဉ်နေပါတယ်။

 7Day Dailly 

Local News Read 449 times