ကမ္ဘာ့ချစ်ပ် မလုံလောက်မှု အကျပ်အတည်း ကြီးမားနေစဉ် ကမ္ဘာ့ချစ်ပ်ထုတ်လုပ်မှု အကြီးမားဆုံး လုပ်ငန်း Taiwan Semiconductor Manufacturing Co. -TSMC နှင့် Sony Group တို့က ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ဆီမီးကွန်ဒတ်တာ စက်ရုံတစ်ခုကို ပူးတွဲထူထောင်ရန် စီစဉ်နေကြသည်။
စက်ရုံစီမံကိန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ယန်း ၈၀၀ ဘီလျံ (ကန်ဒေါ်လာ ၇ ဘီလျံ) ဖြစ်ပြီး ဂျပန်အစိုးရက ထက်ဝက်ပမာဏကို ထည့်ဝင်ရန် မျှော်လင့်ရသည်။
ဂျပန်မှ ထိပ်တန်း ယာဉ်သုံး စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ပြုလုပ်သူ Denso က စက်ရုံအတွက် လိုအပ်မည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်သည့်အပိုင်းတွင် ပါဝင်ရန် စီစဉ်နေသည်။ Denso က Toyota Motor အတွက် စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ပေးသွင်းလျက် ရှိရာတွင် ချစ်ပ်အစိတ်အပိုင်းများ ပုံမှန်အမြဲမပြတ် ပေးသွင်းနိုင်ရန်အတွက်လည်း ရည်ရွယ်သည်။
စက်ရုံထူထောင်လုပ်ကိုင်မည့် ကုမ္ပဏီအသစ်တစ်ခု ထူထောင်လုပ်ကိုင်မည်ဖြစ်ရာ Sony က ရှယ်ယာအနည်းစုပိုင်ဆိုင်သူအဖြစ် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး စက်ရုံ စီမံခန့်ခွဲမှုကို လုပ်ကိုင်မည် ဖြစ်သည်။ စက်ရုံတည်နေရာမှာ ကုမာမိုတို စီရင်စုရှိ Sony ပိုင်ဆိုင်သော မြေဧရိယာတွင် ဖြစ်ပြီး အနီးတွင် Sony ၏ image sensors စက်ရုံတစ်ရုံ ရှိသည်။ ထိုစက်ရုံမှ ထုတ်လုပ်သော image sensors များအတွက် လိုအပ်သော ချစ်ပ်များကို စက်ရုံသစ်တွင် ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။
စက်ရုံသည် ကင်မရာတွင် သုံးစွဲသော ချစ်ပ်များနှင့် မော်တော်ယာဉ်သုံး ချစ်ပ်များကို ထုတ်လုပ်မည် ဖြစ်ပြီး ထုတ်လုပ်မှုကို ၂၀၂၄ တွင် စတင်ရန် လျာထားသည်။
အဆိုပါ စက်ရုံသည် တိုင်ဝမ်အခြေစိုက် TSMC အဖို့ ဂျပန်နိုင်ငံတွင် ပထမဆုံး လုပ်ကိုင်သော ချစ်ပ်စက်ရုံ ဖြစ်သည်။
ဂျပန်အစိုးရက ချစ်ပ် ပေးသွင်းသည့် ကွင်းဆက် တည်တည်ငြိမ်ငြိမ်ဖြင့် ပုံမှန်ပေးသွင်းနေနိုင်ရေးကို စိုးရိမ်တကြီး ဖြစ်နေပြီး တိုင်ဝမ်နှင့် တရုတ်ပြည်မတို့အကြား ဆက်ဆံရေးတင်းမာနေသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက်မှုလည်း ဖြစ်ပေါ်နေသဖြင့် ချစ်ပ်ပေးသွင်းမှု ပြတ်တောက်မည့်အရေး စိုးရိမ်မကင်းဖြစ်နေသည်။ သို့ဖြစ်ရာ ဂျပန်နိုင်ငံတွင် ချစ်ပ်ထုတ်လုပ်မှု လုပ်ကိုင်စေလိုသဖြင့် ချစ်ပ်စက်ရုံတွင် ရင်းနှီးမြှုပ်နှံမှု ပြုမည် ဖြစ်သည်။ စက်ရုံမှ ထွက်ရှိသည့် ချစ်ပ်များကို ဂျပန်ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းချဖို့ကို ဦးစားပေးရမည် ဖြစ်သည်။
ဂျပန်နိုင်ငံမှ ချစ်ပ်ပြုလုပ်သည့် လုပ်ငန်းများသည် အမြောက်အမြား အကြီးအကျယ် ထုတ်လုပ်ခြင်းတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ယှဉ်ပြိုင်ပါဝင်နေခြင်းမှာ ရပ်တန့်ခဲ့ကြသည်။ ထိုအစား အခြားချစ်ပ်ထုတ်လုပ်သူများထံ ကန်ထရိုက်စနစ်ဖြင့် အပ်နှံခဲ့ကြသည်။ ယခု စက်ရုံသည် ဂျပန်နိုင်ငံတွင် ချစ်ပ်အမြောက်အမြား ထုတ်လုပ်ခြင်း ပြန်လည်ရှင်သန်စေမည် ဖြစ်သည်။
Sony က ၎င်း၏ image sensors များတွင် သုံးစွဲသော ချစ်ပ်များကို ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး စက်ရုံဆောက်လုပ်ရန် ပြင်ဆင်ရာတွင် ပါဝင်ကူညီမည် ဖြစ်သည်။
Sony သည် စမတ်ဖုန်းများနှင့် ကင်မရာများတွင် သုံးစွဲလျက် ရှိသည့် sensors များအတွက် ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစု ထက်ဝက်ကို ရရှိထားသည်။ ကုမာမိုတို နှင့် နာဂါစကီ စီရင်စုများတွင် တည်ရှိသော ၎င်း၏ စက်ရုံများတွင် ထုတ်လုပ်သည်။ sensors များကို Sony က ကိုယ်တိုင်တည်ဆောက်သော်လည်း သုံးစွဲသည့် ချစ်ပ်များကို ပြင်ပမှ ဝယ်ယူသုံးစွဲသည်။
TSMC က အလုပ်အပ်နှံသူတို့ ရေးဆွဲထားသည့် ဒီဇိုင်းများဖြင့် ချစ်ပ်များကို ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်လျက် ရှိပြီး ကမ္ဘာ့ချစ်ပ်ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။