အရှေ့တောင်အာရှ LNG လိုအပ်မှု တိုးများလာမည်


11 August, 2021

အရှေ့တောင်အာရှနိင်ငံတွေ သဘာဝဓာတ်ငွေ့ရည်  liquefied natural gas (LNG) တင်သွင်းမှု လာမယ့် ၁၀ နှစ်အတွင်းမှာ ထပ်တိုးဖို့ လိုပအ်လာလိမ့်မယ်။  ဒေသတွင်း ထွက်တဲ့ LNG ပမာဏဖြင့် လုံလောက်မှု ရှိတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။ 

၂၀၃၀ ခုနှစ်မှာ ဒေသတွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက်က တစ်ရက် ဘီလျံ ၂၀ ကုဗပေ (cubic feet per day (bcfd) အထိ ဖြစ်လာမယ်။ ၂၀၂၀ ခုနှစ်တုန်းက ၁၅ bcfd ဝန်းကျင် ရှိခဲ့တယ်လို့ ဈေးကွက်သုတေသနလုပ်ငန်း GlobalData က ဆိုပါတယ်။ အဲဒီတွက်ချက်ခန့်မှန်းမှုမှာ လာအိုနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ မပါဝင်ပါဘူး။

ဒေသတွင်းမှာ မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံမှ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်ယူရေးလုပ်ငန်းတွေရဲ့ အကူအညီဖြင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နေကြတယ်။ ဒါပေမဲ့ လိုအပ်မှု ကြီးမားလာတဲ့အခါ ဒေသတွင်း ထုတ်လုပ်မှုက ဒေသတွင်း လိုအပ်ချက်ကို ဖူလုံအောင် ထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ GlobalData က ဆိုပါတယ်။ အဲဒီအဖြစ်ကို နောက်တစ်ဆယ်နှစ်ခန့်အကြာမှာ ကြုံရပါလိမ့်မယ်။ 

LNG တင်သွင်နေတဲ့ နိုင်ငံတွေမှာ ထိုင်းနဲ့ စင်ကာပူတို့က ၂၀၂၀ ခုနှစ်မှာ အများဆုံး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှု လျော့ကျနေတဲ့အပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်တင်သွင်းတဲ့ ပမာဏမှာလည်း လျော့ကျနေပါတယ်။ 

GlobalData က ရှုမြင်ထားတာမှာ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ပြည်တွင်းထုတ်လုပ်မှုတွေ လျော့ကျသွားနိုင်တယ်။ အကောင်အထည် မဖော်ရသေးတဲ့ ဓာတ်ငွေ့စီမံကိန်းတွေ တိုးတက်မှု ရှိအောင် လုပ်ကိုင်ဖို့ လိုအပ်နေတယ်။ 

လက်ရှိလုပ်ကိုင်နေဆဲ စီမံကိန်းတွေအရ ၂၀၂၅ ခုနှစ်မျာ မလေးရှားနိုင်ငံ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက သူရဲ့ပိုက်လိုင်းစီမံကိန်းများနဲ့ ကမ်းလွန်တူးဖော်ထုတ်လုပ်ရေး စီမံကိန်းများကြောင့် ဦးဆောင်နေရာကို ရောက်ရှိသွားမယ်လို့  GlobalData က ဆိုပါတယ်။ 

မလေးရှားက ၂၀၂၅ ခုနှစ်မှာ အီရန်နဲ့ ကာတာ နိုင်ငံတို့ကို ကျော်လွန်သွားမှာ ဖြစ်ပြီး ကမ္ဘာ့ LNG  ရောင်းချမှုမှာ ဝေစု ၁၂%  ရှိလိမ့်မယ်။ 

GlobalData မှ အကြီးတန်း ရေနံနှင့် ဓာတ်ငွေ့ ဆန်းစစ်ရေးမှူး Daniel Rogers က “ဓာတ်ငွေ့နဲ့ LNG တို့ရဲ့ဒေသတွင်း အနာဂတ်ကို ကြည့်ရင် ဖိလစ်ပိုင်နဲ့ ထိုင်း နှစ်နိုင်ငံတို့မှာ ထုတ်လုပ်မှုက လိုအပ်ချက်ကို အလျင်မမီတဲ့ ကွာဟချက် ပိုကြီးမားလာလိမ့်မယ်။ လိုအပ်မှုက ကြီးထွားနေချိန်မှာ ပြည်တွင်းထုတ်လုပ်မှုတွေက လျော့ကျနေတယ်။ ဒီတော့ နှစ်နိုင်ငံစလုံးက LNG ဈေးကွက်ကနေ ဝယ်ယူတင်သွင်းဖို့ ကြံရွယ်ထားကြတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်း ထုတ်လုပ်မှုလည်း တိုးဖို့ မဖြစ်နိုင်ဘူး။ ပိုက်လိုင်းသွယ်ပြီး တင်သွင်းဖို့လည်း မဖြစ်နိုင်ဘူး။  ငွေ့ရည်အဖြစ်မှ ဓာတ်ငွေ့အဖြစ်ပြောင်းလဲတဲ့ regasification လုပ်ငန်းစဉ်အတွက်လည်း စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ကြရလိမ့်မယ်” လို့ ပြောပြပါတယ်။ 


Source:  businesstimes.com.sg

Global News Read 320 times