ဒုတိယအကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းထိပ်သီးဆွေးနွေးပွဲကို ဗုဒ္ဒဟူးနေ့က ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် Phnom Penh မှာကျင်းပခဲ့ပြီး ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၊ တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီကီချန်း နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာကတော့ တရုတ်နိုင်ငံ၏မဲခေါင်မြစ်အတွင်း၌ ဆည်များ ထပ်မံဆောက်လုပ်ရန် ပြုလုပ်နေခြင်းကြောင့် မြစ်ရေစီးစင်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်းကိုကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။
ထိုဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံတွင်စတင်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်းဒေသများ၌ နေထိုင်သော သန်းနှင့်ချီသော နေထိုင်သူများ၏ လူမှုဘဝအခြေအနေတိုးတတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
မဲခေါင်မြစ်ကို တရုတ်တွင် Lancang ဟုခေါ်ဝေါ်ကြပြီး၊ ၎င်းမြစ်ဝှမ်းဒေသသည် အရှေ့တောင်အာရှ၏ သန်း ၆၀ မျှသော နေထိုင်ကြသူများ၏ အသက်သွေးကြောမကြီးလည်းဖြစ်သည်။
ကမ္ဘာအရှည်ဆုံးမြစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော မဲခေါင်မြစ်သည် မိုင်ပေါင်း ၃၁၀၇ မိုင်ရှည်လျားပြီး ငါးအမျိုးအစားပေါင်း ၁၇၀၀ တို့၏ ကျက်စားရာ မြစ်လည်းဖြစ်သည်။
အမေဇုန်နှင့် ကွန်ကို မြစ်များပြီးလျှင် ငါးမျိုးစိတ်အများအပြား ကျက်စားရာဒေသဖြစ်သည်။
တရုတ်ပြည်သည် မဲခေါင်မြစ်အတွင်း ၁၉၉၀ ခုနှစ်စတင်ကာ ယနေ့တိုင် ဆည်ပေါင်း ၈ ခုကို တည်ဆောက်ပြီးဖြစ်ပြီး နောက်ထပ်တစ်ဒါဇင်နီးပါး ထပ်ဆောက်ရန်လည်း အစီအစဉ်ရှိပြီး အများစုကို လာနိုင်ငံ၏ မြစ်အောက်ပိုင်းများတွင်အခြေခံတည်ဆောက်သွားရန်လည်းရှိနေသည်။
ထိုသို့သောအခြေအနေများကြောင့် အရှေ့တောင်အာရှဒေသများ၏ အသက်သွေးကြောဖြစ်သော မဲခေါင်မြစ်အတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ ထိုအစည်းအဝေးပွဲကြီးကို ပြုလုပ်ရခြင်းလည်းဖြစ်ပါသည်။