မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုမြင့်တက်လာ


22 January, 2018

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိရှိနေပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွက် နှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းများသည် ရ ရာခိုင်နှုန်းနှင့် ရ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိမည်ဟု ADB မှခန့်မှန်းထားပြီး မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ခလစာများ မြင့်တက်လာသော်လည်း ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်များသည် အရှေ့တောင်အာရှဒေသ၏ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်းဖြစ်သည့် ၃ ဒသမ ၁ ရာခိုင်နှုန်းထက် သိသိသာသာများလာခဲ့ကြောင်း Oxford Business Group မှသိရပါသည်။

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ အခြားသောနိုင်ငံများထက် ပိုနေပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်တွင် ၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုနိုင်ငံမှာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိသည်။

ထို့အပြင် စင်္ကာပူနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ၁ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ရ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ရ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၂ ဒသမ ရ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ၄ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ရ ရာခိုင်နှုန်းရှိမည်ဟု ADBမှ ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် ငွေဖောင်းပွမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းများအဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး၊ နို၀င်ဘာနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည် ကျဆင်းခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရပါသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက(Year on Year Inflation) မှာ ၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း ရခိုင်ပြည်နယ်တွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၆ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မန္တလေးမြို့တွင် ၆ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၇ ခုနှစ် လအလိုက် ငွေကြေးဖောင်းပွမှုနှုန်း

Global News Read 4520 times