အရှေ့တောင်အာရှအတွင်း ပေါ်ထွန်းလာတဲ့ စီးပွားရေးစျေးကွက်တွေ ၂၀၂၀ မှာ ဘယ်လောက်ထိခရီးရောက်ခဲ့လဲ…?


12 January, 2021

ပေါ်ထွန်းလာသော  စျေးကွက်များ တိုးတက်မှုနှုန်းသည် ၂၀၂၀ ခုနှစ်အတွင်း နှေးကွေးလာသော်လည်း ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံအတွက် စီးပွားရေးအလားအလာမှာ အပြုသဘောဆောင်နေသည်။

စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ အောင်မြင်ထွန်းတောက်မှု မမီသော်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွင် ပေါ်ထွန်းလာသော ဈေးကွက်နိုင်ငံများသည်လည်း အလားတူပင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်။ ၎င်းတို့ကို ရင်းနှီးမြှုပ်နှံသူများက အရောင်မတောက်သေးသော ကျောက်မျက်ရတနာအဖြစ် သတ်မှတ်ထားပြီး အောင်မြင်ရန် အရင်းအမြစ်များ ထောက်ပံ့ပေးရာတွင် ဦးဆောင်ခဲ့ကြသည်။

သာဓကအားဖြင့် စင်ကာပူအခြေစိုက်  Ascent Capital  က နိုဝင်ဘာလတွင် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၈၈ သန်း ပမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖြင့် စားသုံးသူ၊ ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍအမျိုးမျိုးတို့ရှိ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

၂၀၂၀ ဒီဇင်ဘာလတွင် ကျန်းမာရေး၀န်ကြီးဌာနများမှ တရားဝင်စာရင်းဇယားများအရ ကမ္ဘောဒီးယားနှင့်လာအိုတွင် Covid-19 အတည်ပြုလူနာပေါင်း ၄၀၀ သာရှိသည်ဟုဆိုသော်လည်း သေဆုံးမှုမရှိသေးပေ။  မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုပေါင်း (၁၂၂,၀၀၀) ကျော်ရှိခဲ့ပြီး ၂,၇၀၀ ဦး သေဆုံးခဲ့သည်ဟု အစီရင်ခံခဲ့ပြီး ဒေသအတွင်းနေထိုင်သူတစ်သန်းလျှင် ရောဂါဖြစ်ပွားမှုအရေအတွက်အရ ပဥ္စမအဆိုးရွားဆုံးသောနိုင်ငံဖြစ်သည်။ အဆိုပါကပ်ရောဂါကြောင့် ပေါ်ထွက်လာသော စီးပွားရေးစျေးကွက်သစ်များ၏ အခြေအနေသည်လည်း  ကျဆင်းလာခဲ့သည်။

 

ကမ္ဘောဒီးယား

 

ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ ၂၀၂၀ တွင် ကမ္ဘောဒီးယား၏စီးပွားရေးသည် ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော် ထိုစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်အတွင်း ၄ ရာခိုင်နှုန်းအထိတိုးတက်ရန် ခန့်မှန်းထားသည်။ အစိုးရသည် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းနီးပါးကို ၀င်ငွေအထောက်အပံ့အစီအစဉ်များနှင့် အခွန်သက်သာခွင့်များ၊ ကော်ပိုရေးရှင်းများ၏ စီးပွားရေးကျဆင်းမှုများကိုကူညီရန် သုံးစွဲခဲ့သည်။

 

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၀ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကြောင့် နိုင်ငံတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လည်းတိုးပွားလာနေသည်။ ထိုသဘောတူညီချက်သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုကို ၂၀၃၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မြှင့်တင်ရန်မျှော်မှန်းထားသည် ။ သို့သော်လည်း နိုင်ငံအတွင်း စိန်ခေါ်မှုများ ရှိနေသေးသည်။

 

ခရီးသွားလုပ်ငန်းကဏ္ဍကို တစ်စိတ်တစ်ပိုင်း ပြန်လည်ထူထောင်နိုင်သော်လည်း နိုင်ငံတကာခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်သောကြောင့် ဤကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်။ အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများအားကူညီရန် ငွေလွှဲလုပ်ငန်းအစီအစဉ်ကို စတင်ခဲ့သော်လည်း ၎င်း၏ထိရောက်မှုနှင့် ရေရှည်တည်တံ့နိုင်မှုကိုမမြင်ရသေးပါ။

 

 

လာအို

 

Covid-19 အတည်ပြုလူနာ ၄၁ ယောက်သာရှိနေခဲ့သော်လည်း လာအိုနိုင်ငံသည် စီးပွားရေးကျဆင်းမှုမှ လွတ်မြောက်ခြင်းမရှိသေးပါ။ ကမ္ဘောဒီးယားကဲ့သို့ပင် လာအိုစီးပွားရေးသည် လာမည့်နှစ်နှစ်အတွင်း ၄.၅ ရာခိုင်နှုန်းနီးပါး တိုးတက်ရန် ခန့်မှန်းထားသည်။

 

အလုပ်အကိုင်စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်: ဖြစ်သည့်အတွက် Covid-19 ကပ်ရောဂါသည် လာအိုလူမျိုးများအပေါ် စီးပွားရေးနှင့်လူမှုရေးအကျိုးဆက်များကို အကြီးအကျယ် သက်ရောက်စေသည်။ အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ၀င်ငွေကျဆင်းမှုတို့ကြောင့် နောက်ထပ်လူ (၂၁၄,၀၀၀) ဦး အထိ ဆင်းရဲမွဲတေမှုသို့ ကျရောက်လိမ့်မည်ဟုခန့်မှန်းရသည်။

 

ရွှေ့ပြောင်းလုပ်သားများသည် လာအိုလုပ်သားအင်အားအတွက် အရေးပါသော်လည်း ကမ္ဘာတစ်ဝှမ်း ပိတ်ဆို့မှုများကြောင့် ရွှေ့ပြောင်းအလုပ်သမားများစွာ အိမ်ပြန်ခဲ့ကြသည်။ ထိုအချက်ကြောင့် ခန့်မှန်းခြေအားဖြင့် ကျေးလက်အိမ်ထောင်စုဝင်ငွေအမေရိကန်ဒေါ်လာ (၁၂၅) သန်းဆုံးရှုံးခဲ့သည်။

 

 

မြန်မာ

Covid-19 ကပ်ရောဂါဖြစ်ပွားမှုအများဆုံးရှိသော်လည်း ၂၀၂၀ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

 

၎င်းသည် ၂၀၁၉ ခုနှစ်၏ ၆.၈ရာခိုင်နှုန်းတိုးတက်မှုနှင့်ယှဉ်လျှင် တိုးတက်မှုနှုန်းလျော့သည်ဟုဆိုနိုင်သည်။ ပြည်တွင်း၌ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများ၏တိုးတက်မှုမှာ ရောင်းလိုအားကျဆင်းခြင်း၊ ပိတ်ဆို့ခြင်းနှင့် ၀ယ်လိုအားကျဆင်းခြင်းစသည့် အကြောင်းများကြောင့် တိုးတက်မှုနှုန်းမှာ နှေးကွေးခဲ့သည်။

 

သို့သော် အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကျဆင်းမှုကို ခံနိုင်ရည်ရှိကြောင်းနှင့် ယခုနှစ်အတွင်း ၀င်ငွေတိုးလာကြောင်းတွေ့ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်သော်လည်း Covid-19 ဖြစ်ပွားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

 

အနာဂတ် အခြေအနေ

 

၂၀၂၀ ခုနှစ်တွင် စျေးကွက်ကြီးထွားမှုနှုန်းသည် နှေးကွေးနေသော်လည်း ဤနိုင်ငံသုံးနိုင်ငံ၏အလားအလာသည် အပြုသဘောဆောင်နေဆဲဖြစ်သည်။ သို့သော်ဤစီးပွားရေးများ၌ ကြိုတင်ခန့်မှန်းထားသည့် ခန့်မှန်းချက်များသည် Covid-19 ကို အောင်မြင်စွာထိန်းချုပ်နိုင်မှုအပေါ်မူတည်သည်။

 

ကမ္ဘာတစ်ဝှမ်းလုံးတွင် Covid-19 ကာကွယ်ဆေးများ ဖြန့်ဖြူးရန်စတင်လာသောအခါ ဤနိုင်ငံများတွင်လည်း ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိရန်လိုအပ်သည်။ ဤနိုင်ငံများရှိလူ ဦး ရေ၏အများစုသည် ကျေးလက်ဒေသတွင် နေထိုင်နေရသောကြောင့် အစိုးရသည် ဤဒေသများအထိ ကာကွယ်ဆေး ရောက်ရှိရန် အစီအစဉ်များရှိရမည်။

 

သို့မှသာဗိုင်းရပ်စ်ပိုးကူးစက်မှုကို တားမြစ်နိုင်ပြီး အရှေ့တောင်အာရှ၏ ပေါ်ထွက်လာသည့်စျေးကွက်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ဆက်လက် ဦးတည်သွားလိမ့်မည်။

 

photo credit: Jesse Schoff

Global News Industry Reviews Read 365 times