ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ချေးငွေ ကျပ် ၃ ဒသမ ၂ ဘီလီယံဖြင့် မန္တလေးတိုင်း မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် ကန်ပေါက်တွင် တည်ဆောက်မည့် မိတ္ထီလာ(မြောက်ကန်) ရေသန့်စင်စက်ရုံစီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီ ၂၆ ခုတင်ဒါဝင်ပြိုင်ရန် လျှောက်ထားကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။
'' ရှေ့လ(ဖေဖော်ဝါရီလ) ၁၅ ရက်နေ့မှာ တင်ဒါဖွင့်မယ်။ တင်ဒါအောင်တဲ့သူကို ကြေညာမယ်။ တင်ဒါအောင်ပြီးတာနဲ့ တစ်နှစ်အတွင်း ပြီးအောင်လုပ်ပါမယ် '' ဟု ၎င်းက ပြောဆိုသည်။ အဆိုပါရေသန့်စက်ရုံစီမံကိန်းဒီဇိုင်းအတွက် Singa Symtem ကုမ္ပဏီက တင်ဒါအောင်ထားပြီး ဆက်လက်၍ ယင်းစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီကိုတင်ဒါစနစ်ဖြင့် ထပ်မံ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက ဝန်ဇင်း၊ ရန်မျိုးအောင်နှင့် ပြည်ထောင်စုတိုးချဲ့ရပ်ကွက်များရှိ အိမ်ခြေ ၄၂၀၀ ကျော်ကို သောက်သုံးရေ ၂၄ နာရီဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း လတ်တလော ယင်းရပ်ကွက်များရှိ အိမ်ခြေ ၁၅၀၀ ကျော်ကို အလှည့်ကျစနစ်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေကြောင်း ဦးခင်မောင်တင်က ဆိုသည်။
မိတ္ထီလာမြို့တွင် ရပ်ကွက် ၁၄ ခုရှိသည့်အနက် ရပ်ကွက် ၁၃ ခုသည် မြို့နယ်စည်ပင်သာယာရေးမှဖြန့်ဝေသည့် မိတ္ထီလာကန်ရေကို အသုံးပြုနေရကြောင်း၊ မြို့အရှေ့ပိုင်းရပ်ကွက်များကို လွတ်လပ်ရေးပန်းခြံရှိ ရေသန့်စက်ရုံ နှင့် မြို့အနောက်ပိုင်းရှိ ရပ်ကွက်များကို ပေါက်ချောင်းရပ်ကွက်ရှိ ရေသန့်စက်ရုံမှ ဖြန့်ဝေပေးနေပြီး ယင်းရပ်ကွက်များသို့ တစ်ရက်လျှင် ရေဂါလံ ၁၁ သန်းပေးဝေနေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရေပေးဝေရေးဌာနထံမှ သိရသည်။
'' အခုလောလောဆယ်မှာ ငါးရက်တစ်ကြိမ် ရေရတယ်။ ရေပေးတဲ့အချိန်က နှစ်နာရီလောက်ကြာတယ်။ ဂါလံ ၄၀၀ နဲ့ ၆၀၀ ကြားလောက်ပဲရတယ်။ အဲဒီရေစက်ရုံပြီးလို့ ရေအမြဲတမ်းပေးမယ်၊ ကြိုက်သလောက်သုံး ကျသလောက်ရှင်းဆိုတဲ့ စနစ်မျိုးကို လုပ်မယ်ဆိုတော့ သဘောကျပါတယ် '' ဟု ဝန်ဇင်းရပ်ကွက်ရှိ အသက် ၅၀ အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
The Voice