စင်ကာပူတွင် အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အား ချွေတာရန် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong က အောက်တိုဘာလ ၅ ရက်၌ တိုက်တွန်းအကြံပြုခဲ့သည်။ ပြီးခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း လောင်စာဆီ ဈေးနှုန်းများ ၂ ဆ မြင့်တက်သည့်အတွက် လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ်များ မြင့်တက်နေသည်ဟု ၎င်းက ပြောကြားသည်။
စင်ကာပူတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသော SP Group က အိမ်သုံးလျှပ်စစ်ဓာတ်အားခကို အောက်တိုဘာမှ ဒီဇင်ဘာလအထိ ၃.၁% တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်က ကြေညာခဲ့သည်။
စင်ကာပူတွင် သုံးစွဲလျက် ရှိသော ဓာတ်အားထုတ်လုပ်ရန် လိုအပ်သည့် စွမ်းအင်(သဘာဝဓာတ်ငွေ့ )ကို ရာနှုန်းပြည့်နီးပါးကို ပြည်ပမှ တင်သွင်းသည်။ စင်ကာပူ၏ လျှပ်စစ်ဓာတ်အား ၉၅% ခန့်သည် သဘာဝဓာတ်ငွေ့ သုံးစွဲပြီး ထုတ်လုပ်သည်။ ဓာတ်အားထုတ်လုပ်ရန် လိုအပ်သည့်သဘာဝဓာတ်ငွေ့ကို ပြည်ပမှ တင်သွင်းရသည်ဖြစ်ရာ ကမ္ဘာ့စွမ်းအင် ဈေးကွက်တွင် သဘာဝ ဓာတ်ငွေ့ဈေးမြင့်တက်သည့်အလျောက် ဓာတ်အားထုတ်လုပ်ရန် ကုန်ကျစရိတ်လည်း မြင့်တက်သည်။
ယခုနှစ် ဧပြီလ စာရင်းအင်းအရ စင်ကာပူတွင် ပျမ်းမျှအားဖြင့် အိမ်ထောင်စု နှစ်စုတွင် တစ်စုသည် SP Group ထံမှ ဝယ်ယူသုံးစွဲသည်။
စင်ကာပူတွင် 5G ကွန်ရက်များ၊ ဒေတာစင်တာများ၊ လျှပ်စစ်မော်တော်ယာဉ်များကြောင့် သုံးစွဲမှုပမာဏ မြင့်တက်လာနေသည်။ ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း လျှပ်စစ်ဓာတ်အား လက်ကား ရောင်းချသည့် ဈေးနှုန်းများသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ် အောက်တွင် ရှိနေခဲ့ပြီး စီးပွားဖြစ် လုပ်ကိုင်သော မည်သည့် ကုမ္ပဏီမဆို ကုန်ကျစရိတ်အောက် ဈေးနှုန်းများဖြင့် အမြဲတစေ ရောင်းချပေးနိုင်မည် မဟုတ်ကြောင်း Gan Kim Yong က ပြောကြားသည်။
အကျုံးဝင်သော အိမ်ထောင်စုများသည် Goods and Services Tax (GST) ပြေစာ ရရှိမည် ဖြစ်ပြီး U-Save ပြန်အမ်းငွေ ပေးအပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်ကို ထောက်ပံ့ပေးမည်ဟု ၎င်းက ပြောကြားသည်။
အိုးအိမ်ဦးစီးဌာန၏ တစ်ခန်းပါ တိုက်ခန်းနှင့် နှစ်ခန်းပါ တိုက်ခန်းများတွင် နေထိုင်သော အိမ်ထောင်စုများသည် ပျမ်းမျှအားဖြင့် သုံးလမှ လေးလအထိ ဓာတ်အားခ အသုံးစရိတ်ကို ပြန်အမ်းငွေ ရရှိကြမည် ဖြစ်သည်။
ယခုနှစ်တွင် GST Voucher U-Save Special Payment ခေါင်းစဉ်ဖြင့် ၅၀% ထပ်ဆောင်းပြီး ပြန်အမ်းငွေကို ဧပြီလနှင့် ဇူလိုင်လတို့တွင် ပေးအပ်ခဲ့သည်။
အိမ်ထောင်စုများအနေဖြင့် SP Utilities Mobile App ကို အသုံးပြုပြီး ၎င်းတို့၏ ဓာတ်အားသုံးစွဲပုံ အဆင်အကွက်ကို နောက်ကြောင်းပြန်ကြည့်ပြီး လေ့လာနိုင်သည်။ အသုံးများနေသည့်နေရာများတွင် မည်သို့ လျှော့ချရမည်ကို နည်းလမ်းကြံဆနိုင်မည် ဖြစ်သည်။ LED မီးများ သုံးစွဲခြင်း၊ စွမ်းအင်ချွေတာသည့် စနစ်ပါသော ရေခဲသေတ္တာ သုံးစွဲခြင်း၊ ရေကုန် သက်သာသော ရေပန်းဖြင့် ရေချိုးခြင်း တို့ကို SP Utilities mobile app သုံးစွဲပြီး ချိန်ဆသိရှိနိုင်သည်။
straitstimes.com