ကျပ်ကျပ်တည်းတည်း ရုန်းကန်နေရသော တောင်ကိုရီးယား အထည်ချုပ် ကဏ္ဍသည် Squid Game တွင် ဝတ်ဆင်သော အားကစားဝတ်စုံများ ချုပ်ပေးရန် အမှာစာများ ရရှိသဖြင့် အသက်ရှူချောင်သွားစေသည်။
တံဆိပ်တွင် "Made in Korea" စာသားဖော်ပြထားသော အစိမ်းရောင် tracksuit များ၊ ပန်းနုရောင် jumpsuit များကို Netflix ၏ ကမ္ဘာတစ်လွှား ကြည့်သူအလွန်များပြားခဲ့သော Squid Game ဇာတ်လမ်းထဲမှ သရုပ်ဆောင်များ ဝတ်ဆင်ခဲ့ကြသည်ကို Halloween တွင် ဝတ်စားဆင်ယင်ရန် တောင်ကိုရီးယားတွင် အဝယ်လိုက်နေသည်။ ထို့အတွက် တောင်ကိုရီးယားမှ အထည်ချုပ်လုပ်ငန်းများကို ချုပ်လုပ်ပေးရန် မှာကြားကြသည်။ ကိုဗစ်ကာလ အကျပ်အတည်း ကြုံနေရသည့် အထည်ချုပ်လုပ်ငန်းများ အသက်ရှူပေါက် ရသွားခဲ့ကြသည်။
ဆိုးလ်မြို့တော်၏ Seongbuk ခရိုင်တွင် တည်ရှိပြီး စတုရန်းမီတာ ၅၀၀ ဝန်းကျင် ကြမ်းခင်းဧရိယာ ရှိသော အထည်ချုပ်စက်ရုံတွင် အစိမ်းရောင်ဝတ်စုံများနှင့် ပန်းနုရောင်ဝတ်စုံများကို အချိန်မီ ပေးနိုင်အောင် ချုပ်လုပ်ကြသည်။
"အောက်တိုဘာလက အပ်ထည်နည်းနေကျ လဖြစ်ပေမဲ့လည်း Squid Game နဲ့ Halloween တို့ ကျေးဇူးကြောင့် အခု အသည်းအသန် ချုပ်နေကြရတယ်" ဟု စက်ရုံပိုင်ရှင် Kim jin-ja က ရိုက်တာ သတင်းဌာနကို ပြောပြသည်။
"ကလေးတွေ၊ လမ်းလျှောက်တတ်ခါစ အရွယ်တွေ ဝတ်ဖို့ အစိမ်းရောင် tracksuit အသေးစားတွေ ခုရေ ၆,၀၀၀ ကို အခု ပြီးအောင် ကျမတို့အားချင်း ချုပ်နေကြတယ်"
ကိုဗစ်မတိုင်ခင်တုန်းက တစ်နှစ် ရောင်းအား ဝမ် ၁.၅ ဘီလျံ ရှိခဲ့ပြီး ယခုနှစ်တွင် ယခင် ရနေကျ ေရာင်းအား၏ သုံးပုံတစ်ပုံဝန်းကျင်သာ ရတော့သည်ဟု Kim က ပြောပြသည်။
သူ့စက်ရုံအတွက် အော်ဒါအများစုသည် ဂျပန်နိုင်ငံမှ ရရှိသည်။ သို့သော် ကိုဗစ်ကြောင့် အသွားအလာ ချုပ်ချယ်ထားသဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စက်ရုံပိတ်ထားခဲ့ရသည်။
ယခု အောက်တိုဘာ လကုန်တွင် Halloween နေ့ ရှိသဖြင့် Halloween ပွဲတက်ဖို့ အဝတ်အစား ထူးထူးဆန်းဆန်း၊ ဝတ်စုံ ထူးထူးဆန်းဆန်းများ အဝယ်လိုက်နေပြီး သူ့စက်ရုံအနေဖြင့် အော်ဒါများ လက်ခံရရှိထားသည်။ "Made in Korea" တံဆိပ် တပ်ပြီး ပြည်ပပို့ဖို့ အခွင့်သာမည်ဟု သူ မျှော်လင့်သည်။
တောင်ကိုရီးယား အထည်ချုပ်ကဏ္ဍသည် ကိုဗစ် မတိုင်ခင်ကတည်းက ကျဆင်းနေသည်။
လုပ်သားခ မြင့်မားသဖြင့် တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့ကို ပြိုင်ဖို့ ခက်ခဲနေစေသည်။
Seongbuk တွင် အထည်ချုပ်လုပ်ငန်း ၂,၁၄၄ ခု ရှိသည်။ ၇၀% ဖြစ်သော စက်ရုံ ၁,၅၁၀ ခု တို့သည် အဝတ်အထည် ချုပ်လုပ်ကြသည်ဟု Seoul Fashion Textile Sewing Association ဥက္ကဋ္ဌက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
"ပြည်တွင်း ဖက်ရှင်ထည် ကော်ပိုရေးရှင်းတွေ ကိုဗစ် နှစ်နှစ်တာကာလ အခက်ကြုံခဲ့ကြတယ်။ Squid Game က တစ်ကမ္ဘာလုံးမှာ ပေါက်သွားတော့ ပြည်တွင်းမှာလည်း အားကစားဝတ်စုံ ရေပန်းစားသွားတော့ ချုပ်ပေးဖို့ အမှာစာတွေ တစ်ပုံကြီး ပြုံကျလာတယ်" ဟု Seongbuk မြို့တော်ဝန် Lee Seung-ro က ပြောကြားသည်။
ကလေးဝတ် Squid Game tracksuit ကို ဝမ် ၃၀,၀၀၀ ဖြင့်ရောင်းချသည်။
မီးဖိုချောင်သုံးပစ္စည်းများမှအစ လက်ဝတ်ရတနာအဆုံး ပစ္စည်းမျိုးစုံ ရောင်းချသည့် အကြီးမားဆုံး ဈေးကြီး Namdaemun Market တွင် အဝတ်အထည် ရောင်းချသည့်ဆိုင်တွင် Squid Game tracksuit များ ရောင်းမလောက်ဖြစ်နေသည်အထိ အဝယ်လိုက်နေကြောင်း ဆိုင်ရှင်က ပြောပြသည်။
Squid Game ကို စက်တင်ဘာလ ၁၇ ရက်တွင် စတင်ပြသခဲ့ပြီး အိမ်ထောင်စု ၁၄၂ သန်း ကြည့်ရှုခဲ့ကြပြီးပြီဟု Netflix က ဆိုသည်။ Netflix ကို စာရင်းအသစ် ပေးသွင်းသူ ၄.၃၈ သန်း တိုးခဲ့သည်။
asiaone.com