ယမန်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက်နိုင်ငံတော်အစိုးရ အဓိကထားဆောင်ရွက်သင့်တဲ့ လုပ်ငန်း (၄) ရပ်ကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အကြံပြုတင်ပြခဲ့ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်ရဲ့ တင်ပြချက်မှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်စေဖို့
• ပို့ကုန်မြှင့်တင်ရေး
• ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး
• သွင်းကုန်အစားထိုးရေး နဲ့
• ဒေါ်လာငွေကြေးအပေါ် မှီခိုမှုအား လျှော့ချရေး
တို့ကို နိုင်ငံတော်အစိုးရက အလေးအနက်ထား ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
“နိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်း ကျဆင်းတာဟာ ပုံမှန်အားဖြင့် ပို့ကုန်တိုးတက်လာနိုင်စေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အတက်အကျကြမ်းတာဟာ ပြည်တွင်း စီးပွားရေးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်” လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောခဲ့ပါတယ်။
ပို့ကုန်မြှင့်တင်ရေးအတွက်
• ပို့ကုန် Supply Chain တစ်ခုလုံးကို ပြန်လည် သုံးသပ်ပြုပြင်ရန်
• ဝယ်လိုအားအခြေခံ စိုက်ပျိုးရေးမူဝါဒကို ကျင့်သုံးရန်
• ပို့ကုန် အထောက်အကူပြု ဘဏ်လုပ်ငန်းများ ဆောလျှင်စွာ အကောင်အထည်ဖော်ပေးရန် နဲ့
• အလားအလာရှိ ထွက်ကုန်များကို အခွန်ဆွဲဆောင်မှုပေးရန် အကြံပြုခဲ့ပြီး
ပို့ကုန်မြှင့်တင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် National Export Promotion Council (NEPC) ကို အလျင်အမြန် ဖွဲ့စည်းပေးရန် တင်ပြခဲ့ပါတယ်။
ထို့အတူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက်
• နိုင်ငံခြားငွေ အရင်းအနှီးတွေ ယူသွင်းလာမယ့် နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ငန်းပိုမိုတိုးချဲ့ ခွင့်ပြုပေးရန် နဲ့
• ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အဆိုပြု တင်ပြထားတဲ့ ရင်းနှီးမယ့် ငွေတွေ လက်တွေ့ အမှန်တကယ် ဝင်ရောက်လာရေးဆောင်ရွက်ရန် တင်ပြပါတယ်။
ဒီ့အပြင် သွင်းကုန်အစားထိုးတဲ့ လုပ်ငန်းတွေဟာ ပို့ကုန်သွင်းကုန် ကွာသချက်ကို လျှော့ချပြီး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေတဲ့အတွက် အလေးပေးအားပေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ တရားမဝင်ကုန်သွယ်မှုတွေကို ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဦးဇော်မင်းဝင်းက တင်ပြခဲ့ပါတယ်။
• ပြည်တွင်းမှာ ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်တာ၊ ရောင်းဝယ်တာ၊ ပေးချေတာတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကြပ်မတ်ခြင်း၊
• ကုန်သွယ်ရာမှာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးများနဲ့ ကုန်သွယ်နိုင်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်ခြင်းတို့နဲ့ ဒေါ်လာငွေကြေးအပေါ် မှီခိုနေရမှုကို လျှော့ချရန် တိုက်တွန်းခဲ့ပါတယ်။
အထက်ပါ ပင်မအကြံပြုချက် (၄) ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ မူဝါဒ၊ စက်မှုကဏ္ဍဆိုင်ရာ မူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ စီးပွားရေးမူဝါဒ စတဲ့ မူဝါဒတွေ ဟန်ချက်ညီညီ ချိတ်ဆက်စေတာ (Policy Alignment) အရေးကြီးတဲ့အကြောင်း၊ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍရဲ့ ရှုထောင့်အမြင်တွေ၊ အတွေ့အကြုံနဲ့ အကြံဉာဏ်တွေကို ထည့်သွင်းညှိနှိုင်းဖို့ လိုအပ်တာမို့ အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ပုံမှန်တွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မယ့် မူဝါဒရေးရာ ဆွေးနွေးမှု ပလတ်ဖောင်း (Policy Dialogue Platform) တစ်ရပ် မဖြစ်မနေချမှတ်ဖို့ လိုအပ်တဲ့အကြောင်း ဦးဇော်မင်းဝင်းက တင်ပြတောင်းဆိုခဲ့ပါတယ်။
ထိုနည်းတူပဲ အာဆီယံနိုင်ငံတွေမှာလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးဆိုင်ရာ အကြံပေးကောင်စီကို ဖွဲ့စည်းပြီး၊ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိထိရောက်ရောက် အကြံပေးနိုင်ဖို့နဲ့ အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council) နဲ့ ချိတ်ဆက်ဆောင်ရွက်ရန်လည်း ထည့်သွင်းအကြံပြုခဲ့ပါတယ်။
ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်ရာမှာလည်း ကုန်သည်စက်မှုအသင်းချုပ် အနေနဲ့ နိုင်ငံတော် အစိုးရနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း တင်ပြခဲ့ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်