ကုမ္ပဏီ ၄ ခု ဖြစ်တဲ့ SpaceX ၊ OneWeb ၊ Telesat နှင့် Amazon ရဲ့ Project Kuiper တို့ဟာ လာမယ့် နှစ် အနည်းငယ်အတွင်းမှာ အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုဟ်တုပေါင်း ၄၆,၁၀၀ ကို ကမ္ဘာပတ်လမ်းထဲကို လွှတ်တင်ကြမှာ ဖြစ်ပါတယ်။
ရုရှားမှ ၁၉၅၇ ခုနှစ်မှာ ကမ္ဘာပတ်လမ်းထဲ Sputnik 1 ဂြိုဟ်တုကို အောင်အောင်မြင်မြင် လွှတ်တင်ပြီးတဲ့နောက်မှာ United Nations Office for Outer Space Affairs ရဲ့ စာရင်းအရ နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တု အလုံးပေါင်း ၉၀၀၀ ကို လွှတ်တင်ခဲ့ကြတာထက် အခုနှစ်ပိုင်းမှာ လွှတ်တင်မယ့် ဂြိုဟ်တု အရေအတွက်က ၅ ဆကျော် ပိုများသွားမှာ ဖြစ်ပါတယ်။
အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုဟ်တုတွေ သုံးဖို့ ဖြစ်နိုင်လာတာဟာ ဂြိုဟ်တုတွေ အရွယ်အစား အလေးချိန် လျော့နည်းသွားခြင်း ထုတ်လုပ်မှုနဲ့ လွှတ်တင်တဲ့စရိတ် သက်သာသွားခြင်း ဂြိုဟ်တုဆက်သွယ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု ပိုများလာခြင်း အသေးစားဂြိုဟ်တုကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် စူးစိုက် အသုံးပြုခြင်းတို့ဟာ အဓိက အချက်တွေ ဖြစ်ပါတယ်။
Starlink
ဇွန်လ ၁၃ ရက်တွင် SpaceX က Falcon 9 ဒုံးပျံကို အသုံးပြုပြီး Starlink အင်တာနက် ဂြိုဟ်တု ၅၈ လုံးကို ကမ္ဘာပတ်လမ်းတွင် အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် SpaceX က Falcon 9 ဒုံးပျံကို အသုံးပြုပြီး Starlink အင်တာနက် ဂြိုဟ်တု ၅၈ လုံးကို ကမ္ဘာပတ်လမ်းတွင် အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ သို့ဖြစ်ရာ Starlink အင်တာနက် ဂြိုဟ်တု ၅၄၀ ခုကို ကမ္ဘာပတ်လမ်းတွင် ထားရှိပြီးပြီ ဖြစ်သည်။ အလုံး ၈၀၀ ဝန်းကျင်ကို ထားပြီးလျှင် အမေရိကန်နှင့် ကနေဒါတို့ကို ဂြိုဟ်တုသုံး အင်တာနက် ဝန်ဆောင်မှု စတင်ပေးအပ်နိုင်မည် ဖြစ်သည်။
Starlink မူလပထမ ရယူခဲ့သည့် ခွင့်ပြုမိန့်လိုင်စင်မှာ ဂြိုဟ်တု ၁၂ ၀၀၀ ခု ဖြစ်သည်. ထို့နောက် ကုမ္ပဏီက ထပ်တိုး ၈ြိုဟ်တု ၃၀ ၀၀၀ ထပ်မံလျှောက်ထားခဲ့သည်။ စုစုပေါင်း ၄၂ ၀၀၀ ရှိဖို့ လိုအပ်သည်ဟု ဆိုသည်။ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် Federal Communications Commission -FCC က စိစစ်ပေးပြီး သဘောတူခဲ့သည်။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ International Telecommunication Union ITU ထံ တင်ပြပေးပြီး ခွင့်ပြုချက်ကို FCC က တောင်းခံပေးရာ ခွင့်ပြုချက် ရရှိခဲ့သည်။
Starlink အတွက် အခြေခံ အဆောက်အအုံ ဖန်တီးရန် အမေရိကန်ဒေါ်လာ ဘီလျံချီ လိုအပ်သည်။ Starlink သည် အပြည့်အဝ လုပ်ကိုင်နိုင်သည့်အခါ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ ရရှိမည်ဟု ခန့်မှန်းထားသည်။ ဖိုင်ဘာကေဘယ်လိုင်း မရောက်ရှိနိုင်သော ဝေးလံခေါင်သီနေရာများသို့ အင်တာနက် လိုင်းကောင်းကောင်း ရနေစေမည်။ ထိုနေရာတို့သည် Starlink အတွက် ဖောက်သည်များ ရှိနေမည့်နေရာ ဖြစ်လိမ့်မည်။
OneWeb
OneWeb သည် Softbank အပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံပြုပေးထားသည်။ ပထမအသုတ် ဂြိုဧ်တု ၆ လုံး လွှတ်တင်ခဲ့ပြီးနောက် ငြိမ်ချက်သား ကောင်းနေသည်။ ဂြိုဟ်တု စုစုပေါင်း ၆၅၀ ထားရှိမည့် စီမံကိန်း ဖြစ်သည်။
ငွေလုံးငွေရင်း အမေရိကန်ဒေါ်လာ ၃ .၄ သန်း ကျော် ရရှိထားပြီး ကြိုးပမ်းအားထုတ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ တစ်သုတ်လျှင် ဂြိုဟ်တု အလုံး ၃၀ စီ တင်ရန် အစီအစဉ်ရှိထားသော်လည်း နှောင့်နှေးနေသည်။ နောက်နှစ် ဇန်နဝါရီလကျမှ တစ်သုတ် လွှတ်တင်နိုင်မည်ဟု မျှော်မှန်းထားသည်။ ဂြိုဟ်တု လွှတ်တင်ရန် ဥရောပမှ Arianespace နှင့် ကန်ထရိုက်ချုပ်ထားသည်။ ကမ္ဘာပတ်လမ်းသို့ ဂြိုဟ်တုများ တွန်းပို့ရန် ရုရှားမှာ တည်ဆောက်သည့် ဆိုယု Soyuz ဒုံးပျံများကို သုံးမည် ဖြစ်သည်။
OneWeb သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဂြိုဟ်တုများ ထုတ်လုပ်သည့် စက်ရုံထားရှိပြီး တစ်ရက်လျှင် ဂြိုဟ်တု ၂ လုံးအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ဂြိုဟ်တု တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျသည်။
Amazon ၏ Project Kuiper
Amazon ကလည်း ဂြိုဟ်တု ကွန်ရက်အုပ်စု ထူထောင်မည်။ ဂြိုဟ်တု ခုရေ ၃၂၃၆ ခု ပါဝင်မည် ဖြစ်သည်။ SpaceX နှင့် OneWeb တို့ကဲ့သို့ ဂြိုဟ်တုလွှတ်တင်ခြင်း မပြုရသေးချေ။ Project Kuiper ကွန်ရက်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ အတည်ပြု ခွင့်ပြုချက် ရရှိရန် လျှောက်ထားဆဲ ဖြစ်သည်။
SpaceX မှ ဂြိုဟ်တုအစီအစဉ် ခေါင်းဆောင်ကို SpaceX ထူထောင်သူ Elon Musk က အလုပ်ဖြုတ်လိုက်သည်ကို Amazon က ခေါ်ယူခန့်ထားသည်။ Stalink အကောင်အထည်ဖော်နေသည်မှာ နှေးနေသဖြင့် Elon Musk က စိတ်မရှည်ဖြစ်ပြီး အဆိုပါ အစီအစဉ်ခေါင်းဆောင်ကို အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။
Amazon ၏ Project Kuiper သည် အတည်ပြု ခွင့်ပြုချက်လည်း မရသေး။ ဂြိုဟ်တုများ ထုတ်လုပ်ရန်အတွက်လည်း မစတင်သေးပေရာ ပတ်လမ်းထဲ ဂြိုဟ်တုများ စတင်ရောက်ရှိဖို့ အနည်းဆုံး သုံးလေးနှစ်တော့ ကြာဦးမည်။ မြေပြင်စခန်းများကိုတော့ အကောင်အထည် ဖော်နေပြီ ဖြစ်သည်။
Telesat
အမေရိကန်ဒေါ်လာ ၃ ဘီလျံ ကုန်ကျမည့် စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သော Telesat သည် ကနေဒါနိုင်ငံ အခြေစိုက် လုပ်ငန်းဖြစ်သည်။ ဒေသတွင်းကို ၂၀၂၂ ခုနှစ်တွင် ဝန်ဆောင်မှု စပေးမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်လွှားကို ဝန်ဆောင်မှုများ ပေးအပ်မည် ဖြစ်သည်။ ဂြိုဟ်တု အလုံး ၃၀၀ ခန့် သုံးစွဲမည် ဖြစ်သည်။