ဇွန်လ ၁၅ ရက်နေ့မှ စပြီး Online စနစ်ဖြင့် အခွန်ပေးဆောင်နိုင်


05 February, 2021

ဇွန်လ ၁၅ ရက်နေ့မှ စပြီး Online စနစ်ဖြင့် အခွန်ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။ ကြေညာချက် အပြည့်အစုံကို ဖော်ပြအပ်ပါသည်။

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကိုတတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကိုအသုံးပြုကာ လွယ်ကူ လျင်မြန်စွာ အခွန်ပေးဆောင် နိုင်ရန်ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ Mobile Payment စနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။ လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမဘဏ်လီမိတက် (CB Bank)နှင့် ဧရာဝတီဘဏ်လီမိတက် (AYA Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍လည်းအခွန်ပေးဆောင်နေပြီဖြစ်ပါသည်။

၃။ ထို့ပြင် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းများအနေဖြင့် ယူအေဘီဘဏ်လီမိတက် (uab bank) ၏ Saisai Pay စနစ်ကိုအသုံးပြု၍ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင်အခွန်ပေးဆောင် နိုင်မည်ဖြစ်ပြီး uab Mobile Banking နှင့် Internet Banking စနစ်များဖြင့်လည်း မကြာမီပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၄။ ထိုသို့ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် ယူအေဘီဘဏ်လီမိတက် (uab bank) အနေဖြင့် အခွန်ထမ်းသို့ ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM NET မှတစ်ဆင့် အခွန်ငွေလွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေလွှဲပြောင်းပေးသွင်း ပြီးကြောင်း အထောက်အထားများကို email အသုံးပြုပေးပို့အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၅။ အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ အီလက် ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင်(သို့)ကိုယ်စားလှယ်ဖြင့် ငွေသား)ချက်လက်မှတ်များသွားရောက်ပေးသွင်းရမည့်အစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကိုပေးဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၇။ အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင်ကြည့် ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Payment Section ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန

Banking & Loan Read 839 times