ဈေးကွက်ခြေလှမ်း ပြောင်းလိုက်တဲ့ နိုင်ငံပိုင် စာတိုက်လုပ်ငန်း


22 February, 2019

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့စာတိုက်လုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းကို ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကြီးနှင့်အတူ ဖွင့်ခဲ့ပြီး နှစ်ပေါင်းရာကျော်ဖြတ်သန်းခဲ့ပြီးနောက် မျက်မှောက်ကာလတွင်မူ အရှုံးများနှင့် ရင်ဆိုင်နေရပါတယ်။

ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေး အရှိန်အဟုန်မြင့် အားကောင်းလာမှုက ရုပ်ပိုင်းဆိုင်ရာ အခြေုပြုလုပ်ငန်းဖြစ်သော စာတိုက်လုပ်ငန်းအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းမှ  ခေတ်နှင့်အညီ ပြုပြုပြောင်းလဲမှုများ ပြုလုပ်၍ ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်နေသည်ဟု လက်ထောက် အထွေထွေမန်နေဂျာ ဦးလင်းဇေယျာက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုများနက် အဓိကတစ်ခုသည် သမားရိုးကျ စာတိုက်ဝန်ဆောင်မှုများမှနေ၍ ကုန်ပစ္စည်းပေးပို့ ဖြန့်ဝေပေးသော Delivery လုပ်ငန်းကို ဆောင်ရွက်နေပြီး Online Shopping နှင့် ECommerce လုပ်ငန်းကြီးများအတွက် အဓိက ဝန်ဆာင်မှု ပေးနိုင်ရန် ကြိုးပမ်းနေပါတယ်။

Online Shop များနှင့် ECommerce လုပ်ငန်းကြီးများအတွက် အဓိက အသက်သွေးကြောဖြစ်သည့် ပို့ဆောင်ရေးစနစ်နှင့် ငွေပေးချေခြင်းတို့အတွက်  နည်းပညာအခြေပြု epost System လုပ်ငန်းသုံး Delivery ဝန်ဆောင်မှုကို ဆောင်ရွက်နေပါတယ်။ အဆိုပါ epost System လုပ်ငန်းသုံးဝန်ဆောင်မှုကိုရယူရန် အစိုးရအသိအမှတ်ပြုလိုင်စင် တစ်ခုရှိရမည်ဖြစ်ပြီး အသုံးပြုမည့်သူများကို User Name  Password ပေးထားမှာဖြစ်ပါတယ်။

 မိမိအိမ်၊ ရုံးကနေပြီး ချောထုပ်တွေကို အဆင်သင့်ထုတ်ပြီး ချောထုပ်အတွင်းပါ ပစ္စည်းနဲ့အလေးချိန် မှန်ကန်အောင် ဖော်ပြပေးရပါမယ်။ ပြီးရင် အနီးဆုံးစာတိုက်ကောင်တာမှာ သွားထည့်ရပါမယ်။ စာတိုက်က လက်ခံရရှိကြောင်း Scan ဖတ်လိုက်ပြီးရင် Customer အနေနဲ့ ချောပစ္စည်း ပေးဝေပြီးသည်အထိ မိမိအိမ်၊ ရုံးကနေ စစ်ဆေးကြည့်ရှုလို့ရပါတယ်။

ပေးဝေပြီးတဲ့ ပစ္စည်းတန်ဖိုးငွေ ကောက်ခံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးထားပြီး၊ ကောက်ခံရရှိထားတဲ့ ငွေတွေကို ၂၄ နာရီအတွင်း လုပ်ငန်းရှင်ဆီကို ပြန်ပို့နိုင်အောင် စီစဉ်ထားပါတယ်။ အခြေခံပို့ခကို နေရာဒေသ အကွာအဝေးအလိုက် ကောက်ခံခြင်းမျိုး မဟုတ်ဘဲ အလေးချိန်အလိုက် ကောက်ခံသွားမည် ဟု ဦးလင်းဇေယျာက ပြောပါတယ်။

အမြန်ချောနှင့် Online Shopping ကုန်ပစ္စည်းတို့ကို အချိန်မှန်မှန် သယ်ပို့နိုင်ရန် လက်ရှိတွင် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် စမ်းသပ်ဆောင်ရွက်နေပါတယ်။ နိုင်ငံပိုင် စာတိုက်လုပ်ငန်းသည် ပြည်တွင်းရိုးရိုးစာ တစ်စောင်အတွက် စုစုပေါင်းကုန်ကျစရိတ် ၂,၁၅၄ ကျပ် ကုန်ကျသော်လည်း တစ်စောင်လျှင် စာပို့ခကျပ် ၂ဝဝ ကောက်ခံခြင်း၊ ပြည်ပရိုးရိုးစာ တစ်စောင်လျှင် စုစုပေါင်းကုန်ကျစရိတ် ၂,၅၇၂ ကျပ် ကုန်ကျသော်လည်း တစ်စောင်လျှင် စာပို့ခကျပ် ၁,ဝဝဝ ကောက်ခံ၍ ဆောင်ရွက်နေရခြင်းကြောင့် အရှုံးပေါ်နေခြင်းဖြစ်သည်ဟု  မြန်မာ့စာတိုက်လုပ်ငန်းက ဆိုပါတယ်။

လက်ရှိမှာ သမားရိုးကျ စာတိုက်ဝန်ဆောင်မှုအပြင် Online Shopping နဲ့ ECommerce လုပ်ငန်းတွေအတွက် Delivery ဝန်ဆောင်မှုလုပ်ငန်းတိုးချဲ့ လုပ်ကိုင်ခြင်း၊ ကိုယ်စားငွေ ကောက်ခံပေးခြင်းနှင့် တခြားဝန်ဆောင်မှု လုပ်ငန်းသစ်တွေကို တစ်နိုင်ငံလုံးရှိ စာတိုက်အားလုံးက ဆောင်ရွက်ပေးခြင်းဖြင့် အရှုံးကို နှစ်စဉ် လျှော့ချလာနိုင်ပါတယ် ဟု ဦးလင်းဇေယျာက ပြောပါတယ်။

 

Local News Read 606 times