ထိုင်းနိုင်ငံ လျှပ်စစ်ယာဉ် ပြောင်းလဲသုံးစွဲရေး အစီအစဉ် ဘတ် ၄၃ ဘီလျံ သုံးစွဲရန် အစိုးရ အတည်ပြု


16 February, 2022

ထိုင်းနိုင်ငံ လျှပ်စစ်ယာဉ် ပြောင်းလဲသုံးစွဲရေး အစီအစဉ် ဘတ် ၄၃ ဘီလျံ သုံးစွဲရန် အစိုးရ အတည်ပြု

ထိုင်းနိုင်ငံမှာ လျှပ်စစ်မော်တော်ယာဉ်များ ပြောင်းလဲ သုံးစွဲရေးအတွက်  အခွန်များ လျှော့ချဖြတ်တောက်ရေး၊ လျှပ်စစ်မော်တော်ယာဉ် ဝယ်စီးသူတိုင်းကို ထောက်ပံ့ကြေး ပေးအပ်ရေးတို့ ပါဝင်တဲ့ အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။
၂၀၂၂-၂၅ ကာလမှာ ရည်မှန်းချက်က ၂၀၃၀ မှာ ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃၀% ဟာ  လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ၃၀% ဟာလက်ရှိအ‌ခြေအနေအရဆိုရင် တစ်နှစ်တာမှာ စီးရေ ၇၂၅,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

၂၀၂၂ မှာ ထောက်ပံ့ရေးအစီအစဉ် အမျိုးမျိုးအတွက် ဘတ်ဂျက် ဘတ် ၃ ဘီလျံ သုံးစွဲရန် အစိုးရအဖွဲ့က အတည်ပြုပေးထားပါတယ်။

၂၀၂၃-၂၀၂၅ ကာလ အီးဗီ သုံးစွဲမှု မြှင့်တင်ရေးအတွက် ဘတ်ဂျက် ဘတ် ၄၀ ဘီလျံ သုံးစွဲရန် အစိုးရအဖွဲ့က အတည်ပြုပေးထားပါတယ်။

ပထမ ၂ နှစ်မှာ လျှပ်စစ်မော်တော်ယာဉ် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာအောင် အခွန်လျှော့ပေါ့ ဖြတ်တောက်ခြင်းများ၊ လျှပ်စစ်မော်တော်ယာဉ်ဝယ်စီးသူတိုင်းကို ထောက်ပံ့ကြေး ပေးအပ်ရေးတို့ ပါဝင်ပါတယ်။ ပြည်ပမှ တင်သွင်းတဲ့ လျှပ်စစ်မော်တော်ယာဉ်များ၊ ပြည်တွင်း ထုတ်လုပ်တဲ့ လျှပ်စစ်မော်တော်ယာဉ်များ နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။
တတိယနှစ်မှာ ပြည်တွင်း ထုတ်လုပ်တဲ့ လျှပ်စစ်မော်တော်ယာဉ်များသာ အကျုံးဝင်ပါတယ်။ 
လျှပ်စစ်မော်တော်ယာဉ် ဝယ်ယူသူတိုင်းကို ပေးမယ့် ထောက်ပံ့ကြေးက ကားရောင်းဈေးကို ခုနှိမ်ပေးပြီး လျှော့ဈေးပေးမှာ ဖြစ်ပါတယ်။ ကားတစ်စီးလျှင် ဘတ် ၇၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ပေးဖို့ လျာထားပါတယ်။ မော်တော်ယာဉ်အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနည်းအများ ကွဲပြားမှာ ဖြစ်ပါတယ်။
CKD (completely knocked down) နှင့် CBU (completely built up) တင်သွင်းမှုအပေါ် သွင်းကုန်ခွန် နှုန်းထားများ လျှော့ချသတ်မှတ်ပေးမှာ ဖြစ်ပြီး အခြားအခွန်များကိုလည်း လျှော့ချသတ်မှတ်ပေးမယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရသူ Thanakorn Wangboonkongchana က ပြောကြားပါတယ်။ 
၂၀၂၂-၂၀၂၅ ကာလမှာ အီးဗီ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ ဦးတည်ဆောင်ရွက်မှာ ဖြစ်ပြီး အီးဗီထုတ်လုပ်ဖို့ တင်သွင်းတဲ့ အရေးပါတဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေအပေါ် သွင်းကုန်ခွန် စည်းကြပ်ခြင်း ကင်းလွတ်ခွင့် ပေးမယ်လို့ ၎င်းက ပြောကြားပါတယ်။

အရေးပါတဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေမှာ ဘက်ထရီများ၊ မော်တာများ၊ ကွန်ပရက်စာများ ပါဝင်ပါတယ်။ ဘက်ထရီ စီမံရေးစနစ်မှ အစိတ်အပိုင်းများ၊ မောင်းနှင်မှု ထိန်းကျောင်းစနစ်မှ အစိတ်အပိုင်းများလည်း ပါဝင်ပါတယ်။


၂၀၂၂-၂၀၂၃ ပထမ ၂နှစ်ကာလမှာ ပေးအပ်မယ့် မက်လုံးအမျိုးမျိုးမှာ ပြည်ပမှ တင်သွင်းတဲ့ လျှပ်စစ်မော်တော်ယာဉ်များ၊ လျှပ်စစ်မော်တော်ဆိုင်ကယ်များလည်း အကျုံးဝင်ပါတယ်။ "နိုင်ငံအတွင်း လျှပ်စစ်ယာဉ်အမျိုးမျိုး ကျယ်ကျယ်ပြန့်ပြန့်၊ မြန်မြန်ဆန်ဆန် ပြောင်းလဲ အသုံးပြုလာကြဖို့ ရည်ရွယ်ပါတယ်" လို့ Mr Thanakorn က ပြောကြားပါတယ်။

တတိယနှစ်ဖြစ်တဲ့ ၂၀၂၄-၂၀၂၅ မှာ ပြည်တွင်း ထုတ်လုပ်တဲ့ အီးဗီများ အသုံးပြုကြတာကို မြှင့်တင်ပေးဖို့ကို အစိုးရက စူးစိုက်လုပ်ဆောင်မယ်လို့ ၎င်းက ပြောကြားပါတယ်။

ထိုင်းနိုင်ငံမှာ မီးခိုးမဲ့ကား zero-emission vehicle အမျိုးမျိုး အသုံးပြုဖို့ ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရက ပြည်တွင်းမှာ အီးဗီများ သုံးစွဲကြစေရေးအပြင် ထိုင်းနိုင်ငံကို ကမ္ဘာ့အီးဗီ ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှု အချက်အချာ နိုင်ငံတစ်ခု ဖြစ်လာစေရန်အတွက်လည်း ရည်မှန်းချက် ထားရှိကြောင်း Mr Thanakorn က ပြောကြားပါတယ်။ 

ထိုင်း လျှပ်စစ်မော်တော်ယာဉ်အသင်း  Electric Vehicle Association of Thailand (EVAT) က အစိုးရရဲ့ အစီအစဉ်နှင့် မက်လုံးများကို ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ထုတ်လုပ်သူများနှင့် ဝယ်ယူသူများ နှစ်မျိုးစလုံး အကျိုးကျေးဇူးရရှိစေတယ်လို့ သုံးသပ်ပါတယ်။

 EVAT မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၁ မှာ မှတ်ပုံတင်ခဲ့တဲ့ လျှပ်စစ်မော်တော်ယာဉ် စီးရေ ၅,၇၈၁ ရှိခဲ့ပြီး လျှပ်စစ်မော်တော်ဆိုင်ကယ် ၃,၆၇၃ စီး ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ Toyota, Honda , Mitsubishi အစရှိသော ကားကုမ္ပဏီများက စီးရေ ၁.၇ သန်း ထုတ်လုပ်ခဲ့ကြပါတယ်။
 

Energy News Read 407 times