ပြည်တွင်းစက်ရုံများ၊ အလုပ်ရုံများတွင် သံမဏိအခြေပြု တည်ဆောက်ရေးလုပ်ငန်း တွင်ကျယ်လာခြင်းနှင့် ထပ်မံတိုးချဲ့လာရန် ရှိနေသော စက်ရုံအလုပ်ရုံများကြောင့် သံမဏိလုပ်ငန်းနယ်ပယ်သည် ရေရှည်တွင် ဈေးကွက်အလားအလာကောင်းကြောင်း PEB Steel ကုမ္ပဏီ အထွေထွေမန်နေဂျာ Nandakumar က ပြောပါတယ်။
သံမဏိ (Steel) သည် မျက်မှောက်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် ခရာကျသော ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ အိမ်ရာစသဖြင့် အဆောက်အအုံ အမျိုးမျိုးအတွက် သံမဏိအခြေပြု တည်ဆောက်မှုပုံစံများ (သို့မဟုတ်) သံမဏိဖြင့် တွဲစပ်တည်ဆောက်မှု ( Steel Structure Building) အမျိုးမျိုးကို ရန်ကုန်မြို့အနှံ့တွင် မြင်တွေ့နေရပါတယ်။
ပြည်တွင်းဆောက်လုပ်ရေးဈေးကွက်တွင် အသင့်သုံးစွဲနိုင်သော သံမဏိထည်များ ပြည်ပတင်သွင်းခြင်းကို ခေတ်အဆက်ဆက် အားထားခဲ့ကြပါတယ်။ ၂ဝ၁၇ ခုနှစ်မှ စတင်၍ ပြည်တွင်း သံမဏိဈေးကွက်တွင် အပြောင်းအလဲအချို့ ဖြစ်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် သံမဏိစက်ရုံအချို့ ပြည်တွင်း၌ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိတွင် ဈေးကွက်လိုအပ်ချက်ကြောင့် ပြည်ပတင်သွင်းနေရဆဲဖြစ်သော်လည်း ပြည်တွင်းအခြေစိုက် စက်ရုံများကလည်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနေကြပါပြီ။
ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော သံမဏိစက်ရုံအချို့ထဲတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် PEB Steel ကုမ္ပဏီသည် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ PEB Steel ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်ထားသော သံမဏိထည်များကို အသုံးပြု၍ စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရေးများအတွက် အကြိုအင်ဂျင်နီယာအဆောက်အအုံ နည်းပညာ (PreEngineered Building PEB) ဖြင့် ပြည်တွင်းဈေးကွက်ကို ထိုးဖောက်ရန် ကြိုးပမ်းနေပါတယ်။
''ပုံမှန်ထက် PEB နည်းပညာက ကုန်ကျစရိတ် ၂ဝ ရာခိုင်နှုန်းလောက် သက်သာတယ်။ အဓိက ဒီဇိုင်းပုံစံအတိုင်း Steel Structure ထုတ်လုပ်တယ်။ သမားရိုးကျနည်းကျတော့ ထုတ်ပြီးသားကို ကိုယ်လိုသလို ပြန်ပြီး ဖြတ်တောက်တာတွေ လုပ်ရတော့ အလေအလွင့်တွေဖြစ်တယ်။ နောက်ပြီး ပုံမှန်နည်းနဲ့ တည်ဆောက်တာက အများကြီး အချိန်ပေးရပေမဲ့ PEB နည်းစနစ်နဲ့ကတော့ ခြောက်ပတ် ၊ ရှစ်ပတ်အတွင်း တည်ဆောက်မှုပြီးနိုင်တယ်'' ဟု အထွေထွေမန်နေဂျာ Nandakumar က ဆိုပါတယ်။
မြန်မာနိုင်ငံဈေးကွက်အတွက် ယင်းကဲ့သို့ စက်ရုံတည်ဆောက်၍ အကြိုအင်ဂျင်နီယာအဆောက်အအုံ နည်းပညာ (PreEngineered Building) ဖြင့် ဒီဇိုင်းထုတ်ခြင်း၊ သံမဏိထည်များ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်သည်အထိ One Stop Service ဆောင်ရွက်နေခြင်းသည် ယခုကုမ္ပဏီက ပထမဆုံး ဖြစ်ပါတယ်။ ၎င်းတို့လုပ်ငန်းလည်ပတ်ခဲ့သော ၂ဝ၁၈ မှ တစ်နှစ်ကျော်သက်တမ်းအတွင်း နိုင်ငံအတွင်းရှိ ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းများအတွက် အဆိုပါနည်းပညာဖြင့် အဆောက်အအုံအလုံးပေါင်း ၅ဝ ကျော် တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် ပြည်တွင်းလုပ်ငန်းများအတွက် အဓိက တည်ဆောက်ပေးခဲ့ရမှု ပိုမိုများပြားခဲ့သည်ဟု ဆိုပါတယ်။
ပြည်တွင်းထုတ်လုပ်မှုသည် လက်ရှိဆောက်လုပ်ရေးဈေးကွက် လိုအပ်ချက်၏ ငါးရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းနိုင်သေးပြီး ကျန် ၉၅ ရာခိုင်နှုန်းခန့်ကို ပြည်ပက တင်သွင်းရကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းထံမှ သိရှိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံမဏိထည်များကို ပြည်ပတင်သွင်း၍ တပ်ဆင်ထုတ်လုပ်မှုများလည်း အားကောင်းနေဆဲ ဖြစ်သည့်အတွက် PEB အနေဖြင့် သွင်းကုန်သံမဏိထည်များဖြင့် အဓိက ယှဉ်ပြိုင်နေရပါတယ်။
The Myanmar Times