စက်မှုဇုန်များသည် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များအတွက် ကုန်ထုတ်လုပ်မှု စက်ရုံလုပ်ငန်းအမျိုးမျိုး တည်ရှိရာအရပ်ဖြစ်သည်။ ပြည်ပဈေးကွက်အတွက် ပို့ကုန်များ၊ ပြည်တွင်းဈေးကွက်အတွက် သွင်းကုန်အစားထိုး ထုတ်ကုန်လုပ်ငန်းများသည် စက်မှုဇုန်များကို အဓိကအားပြု ဆောင်ရွက်နေကြခြင်းဖြစ်ရာ နိုင်ငံ့စီးပွားရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ စက်မှုဇုန်ရှိ စက်ရုံများ၊ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်ရန်လိုအပ်ပြီး ယင်းသို့လုပ်ဆောင်နိုင်ရန် စက်မှုဇုန်များ၏ အခြေခံအဆောက်အအုံ ပြီးပြည့်စုံရန် လိုအပ်ချက်သည် အဓိကအရေးကြီးသော အချက်ပင်ဖြစ်သည်။
ရှိရင်းစွဲစက်မှုဇုန်များ ဖွံ့ဖြိုးရေးနှင့်အကောင်အထည်ဖော်ရန် စီစဉ်နေသော စက်မှုဇုန်အသစ်များ အောင်မြင်ရေးသည် ဇုန်အတွင်း လျှပ်စစ်မီး၊ ရေ၊ လမ်း စသည့် အခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံရန် လိုအပ်သလို ဇုန်ပြင်ပ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ချိတ်ဆက်ဆောင်ရွက်မှု ကောင်းမွန်ရန်မှာလည်း အရေးကြီးသည်။ဇန်နဝါရီတတိယပတ်အတွင်း ပြည်တွင်းအခြေစိုက် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး စောင့်ကြည့်သုံးသပ်သော သုတေသနနှင့် အကြံပေးအဖွဲ့အစည်း တစ်ခုဖြစ်သော FMR Research & Advisory မှ မိတ်ဆက်တင်ပြခဲ့သည့် မြန်မာနိုင်ငံစက်မှုဇုန် ဆန်းစစ်ချက် (Myanmar Industrial Zone Review) တွင် စက်မှုဇုန်များ၏ အခြေခံအဆောက်အအုံနှင့်ပတ်သက်၍ လေ့လာသုံးသပ်ထားသည်။
စက်မှုဇုန်အများစုသည် လျှပ်စစ်မီး အပြည့်အဝမရခြင်း၊ လမ်းကွန်ရက် လုံလောက်မှု အားနည်းခြင်း စသည့် အခြေခံအဆောက်အအုံ အားနည်းခြင်းကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ အထူးသဖြင့် ရန်ကုန်ပြင်ပရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စက်မှုဇုန်အများစုသည် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု၊ လျှပ်စစ်မီး အပြည့်အဝ အားထားမရခြင်း၊ လမ်းကွန်ရက်များ ချိတ်ဆက်မှု အားနည်းမှု၊ ရေနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများအတွက် အားနည်းမှုများ ရှိနေသည်ဟု ဖော်ပြထားသည်။လက်ရှိ မြန်မာနိုင်ငံတွင် စက်မှုဇုန်ပေါင်း ၆ဝ ကျော်ရှိပြီး ဧကပေါင်း ၂၅,ဝဝဝ ကျော်ရှိသည်။ စက်မှုဇုန်အများစုသည် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး စက်မှုဇုန် ၂၉ ဇုန်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအနက် ရန်ကုန်တိုင်းဒေသကြီးမှ စက်မှုဇုန်များသာလျှင် အဓိကကျသော အခန်းကဏ္ဍတွင် ရပ်တည်နေသည်။
'' အခြေခံအဆောက်အအုံနဲ့ပတ်သက်ရင် ရန်ကုန်က စက်မှုဇုန်တွေကတော့ ထိုက်သင့်သလောက် အဆင်ပြေပေမဲ့ နယ်တွေကျတော့ မီးရဖို့လိုမျိုး အခက်အခဲတွေရှိတယ်''ဟု မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှဥက္ကဌ ဦးကျော်ကျော်ဝင်းက ပြောသည်။မြန်မာနိုင်ငံ၏ စက်မှုဇုန်အများစုသည် ၁၉၉ဝ ပြည့်လွန်နှစ်များတွင် အစိုးရမှ မြေယာများစီစဉ်ပေး၍ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်တွင် မြင်တွေ့နေရသည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် အခြားပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဖော်ဆောင်နေသည့် စက်မှုဇုန်အချို့တို့တွင် ဆောင်ရွက်သော Developer / Operator တို့က ကြီးမှူး၍ ဖော်ဆောင်သည့် စက်မှုဇုန်ပုံစံမျိုးများ မဟုတ်ကြပေ။ သို့ဖြစ်ရာ ပုဂ္ဂလိကကဏ္ဍအပိုင်းမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ကြရသည့်အတွက် စက်မှုဇုန်များတွင် လျှပ်စစ်မီး၊ လမ်း၊ ရေ၊ သယ်ယူပို့ဆောင်ရေးကွန်ရက် စသည့် အခြေခံအဆောက်အအုံများအတွက်လည်း အခက်အခဲများစွာကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြရသည်။
စက်မှုဇုန်များနှင့်ပတ်သက်၍ စက်မှုဇုန်အသစ် ဖော်ထုတ်ခြင်းအပြင် တိုင်းအတွင်းရှိ ယခင်စက်မှုဇုန်များကိုလည်း ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေလျက်ရှိသည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၈ အတွင်း ပြောဆိုထားသည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသည် ထိုက်သင့်သော အခြေခံအဆောက်အအုံပြည့်စုံမှုများ ရှိနေသော်လည်း ရန်ကုန်ပြင်ပနယ်များရှိ စက်မှုဇုန်အချို့မှာမူ လျှပ်စစ်မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံလိုအပ်ချက် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲရှိသည်ဟု ရန်ကုန်နှင့် နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။
''မီးအားမပြည့်တာ၊ မီးပြတ်တာတွေရှိတော့ ရှိနေတုန်းပဲ။ ဒီအတွက် ကုန်ကျစရိတ်တွေ ပိုကုန်ကျတာရတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြတ်သင်းအောင်က ပြောသည်။ရန်ကုန်ဧရိယာပြင်ပမှ စက်မှုဇုန်တစ်ခုဖြစ်သော မွန်ပြည်နယ်၊ မော်လမြိုင်ရှိ စက်မှုဇုန်သည် ရန်ကုန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့် ထိုင်းနိုင်ငံနှင့် နယ်စပ်လမ်းကြောင်းမှ ချိတ်ဆက်နိုင်ခြင်းတို့ကြောင့် အချက်အချာကျပြီး စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းသော နေရာတစ်ခုဖြစ်သည်။သို့သော် ၎င်းဇုန်အတွင်း လျှပ်စစ်မီးအတွက် ကိုယ်ပိုင်အစီအစဉ်ကိုသာ အားကိုးနေရလျက်ရှိပြီး အစိုးရထံမှ လျှပ်စစ်မီးရရှိရေးသည် အဓိကအခက်အခဲတစ်ခုအဖြစ် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဦးလှရှိန်က ပြောသည်။
''SME လုပ်ငန်းတွေတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ ဒီအခက်အခဲတွေကို ပံ့ပိုးဖြေရှင်းပေးဖို့ လိုပါတယ်''ဟု မွန်ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှရှိန်က ပြောသည်။ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာ့ရေရှည် စီးပွားရေးအလားအလာအပေါ်တွင် အကောင်းရှုမြင်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခြင်းနှင့် အသစ်ဝင်ရောက်လာနိုင်မည့်အလားအလာသည် ကောင်းနေဆဲ ဖြစ်သည်။
ထိုအနေအထားတွင် အစိုးရက ဆက်လက်အကောင်အထည်ဖော်နေသည့် စက်မှုဇုန်များလည်း ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိရင်းစွဲစက်မှုဇုန် ၂၉ ဇုန်အပြင် စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပမြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန်အသစ် ၁၁ ဇုန်ထူထောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်လျက်ရှိပြီး လက်ရှိတွင် အဆိုပါစီမံကိန်းကို တိုင်းလွှတ်တော်သို့ တင်ပြထားဆဲဖြစ်သည်။ တိုင်းဒေသကြီးအစိုးရမှ ဒဂုံမြို့သစ် (အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်) များတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုမြို့တော်စီမံကိန်း ဖော်ဆောင်ရန် ဆောင်ရွက်နေသလို တိုင်းဒေသကြီးပိုင် NYDC ကုမ္ပဏီမှ ဦးဆောင်အကောင်အထည်ဖော်နေသော ရန်ကုန်မြို့သစ်စီမံကိန်းသည်လည်း စက်မှုဇုန်အခြေပြု စီမံကိန်းတစ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် ဆက်စပ်ဧရိယာများနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီအချို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ပုဂ္ဂလိကစက်မှုဇုန်များ၊ အသေးစား စက်မှုဥယျာဉ်အကောင်အထည်ဖော်မှုများလည်းရှိသည်။ မန္တလေးတိုင်းဒေသကြီးရှိ မြို့သာစက်မှုမြို့တော်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်စက်မှုမြို့တော် စီမံကိန်းများကဲ့သို့ အလားအလာကောင်းသော စက်မှုဇုန်များလည်း ဖော်ဆောင်နေကြသည်။
အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် စက်မှုမြေယာလိုအပ်ချက်အတွက် စီမံကိန်းအသစ်များဖြင့် ဖြည့်ဆည်း၍ ကြိုးစားနေသည်များအပြင် ရှိရင်းစွဲစက်မှုဇုန်များနှင့် အသစ်ဖော်ထုတ်မည့် ဇုန်များအတွက်လည်း အခြေခံအဆောက်အအုံ ပြည့်စုံကောင်းမွန်သော အခြေအနေကို ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။''ပုဂ္ဂလိကအားတစ်ခုတည်းနဲ့တော့ မလွယ်ဘူး။ အစိုးရကိုယ်တိုင် ပါဝင်ပံ့ပိုးပေးဖို့ လိုပါတယ်''ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
''အစိုးရအနေနဲ့လည်း အကုန်လုံးကို ရေ၊ မီး စတဲ့ အခြေခံအဆောက်အအုံ တွေပေးနိုင်ဖို့က အခက်အခဲရှိတော့ Developer ဒါမှမဟုတ် Operator တွေ ဖွဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး အခြေခံအဆောက်အအုံတွေ ပိုမိုကောင်းမွန်အောင် လုပ်မယ်ဆိုရင်တော့ မြန်မယ်''ဟု သီလဝါအထူးစီးပွားရေးဇုန်၊ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ၎င်းအမြင်ဖြင့် အကြံပြုသည်။