ကောင်းကင်ဘုံမှ ကျောက်


02 August, 2018

မြန်မာနိုင်ငံ၏ ကျောက်စိမ်းတူးဖော်ခြင်းသည် ကျောက်မျက်ရတနာအတွက် ကမ္ဘာ့အကြွယ်ဝဆုံးရင်းမြစ် တစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ဝယ်လိုအား တိုးလာခြင်းကို ပြည့်မီရန် အသည်းအသန်လုပ်ကိုင်လျက်ရှိပြီး ရံဖန်ရံခါ၌ လူ့အသက်များ ပေးဆပ်ရသည်။

ရုတ်တရက် တိုးပွားလာသော ဤကုန်သွယ်မှုသည် အန္တရာယ်ကြီးမားသည့် တူဖော်ရှာဖွေခြင်းထက် ပိုကောင်းလာခြင်း မရှိသေးပေ။ အကယ်စင်စစ် မြန်မာ့ကျောက်စိမ်းလုပ်ငန်းကဏ္ဍသည် တိုးတက်မှု တန့်အီနေသည်။ အကြောင်းမှာ ငွေလုံးငွေရင်း မရှိသည့် အဓိကအချက်ကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်လက နေပြည်တော်တွင် ကျင်းပခဲ့သော နှစ်စဉ် တရားဝင် ကုန်စည်ပြပွဲတွင် အလှဆင် ကျောက်စိမ်းရောင်းချရခြင်းသည် ကန်ဒေါ်လာ ၄၉၃ မီလျံ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁ ဒဿမ ၄ ရာခိုင်နှုန်း ပိုများခဲ့သည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ မိုင်းတွင်းများသည် ထုတ်လုပ်မှု တိုးချဲ့ပြီး တရုတ်ဝယ်လက်များ လိုအင်ကို ကျေနပ်အောင် ကသောကမျော လုပ်ကိုင်နေကြပေရာ လူသေဆုံးခြင်းများ ဖြစ်ပေါ်နေလင့်ကစား ဘေးကင်းရေးအတွက် အကုန်အကျခံဖို့ ပျက်ကွက်နေသည်ဟု စွပ်စွဲခံနေရသည်။

မြေစာပုံ ပြိုကျ အသက်များ ဆုံးပါး

*****************

ဖားကန့်သည် မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်သည့် နေရာများတွင် အကျော်ကြားဆုံးနေရာ ဖြစ်သည်။

ဇူလိုင် ၁၄ ရက်တွင် ဖားကန့်ရှိ မဟာဂျမ်းလုပ်ကွက်တွင် မြေပြိုရာမှ လူ ၁၅ ဦး သေဆုံးပြီ ၄၀ ဦးခန့် ဒဏ်ရာရခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် မြေစာပုံ ထပ်ပြိုခဲ့ရာ လူ ၁၈ ဦးထက် မနည်း သေဆုံးခဲ့ပြန်သည်။ ဒေသတွင်း လူမှုကူညီရေး မှတ်တမ်းမျ ားအရ ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် အနည်းဆုံး လူဦးရေ ၁၃၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဂွာတီမာလာတို့သည် ကမ္ဘာပေါ်တွင် ကျောက်စိမ်း ထွက်ရှိသည့် အဓိကနိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံမှ တူးဖော်ရရှိသော ကျောက်စိမ်းများတွင် ၇၀ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်မှ လာခြင်း ဖြစ်သည်။

မြန်မာ့ ကျောက်စိမ်းလုပ်ငန်းကဏ္ဍသည် ဒေါ်လာဘီလျံချီသောလုပ်ငန်းနယ်ပယ်ဟု ခန့်မှန်းထားကြသည်။ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၃၁ ဘီလျံ ဝန်းကျင် တန်ဖိုးရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ထုတ်လုပ်သည့် ကျောက်စိမ်းများ၏ ၅၀ မှ ၈၀ ရာခိုင်နှုန်းသည် တရားမဝင်ကုန်သွယ်မှုဖြင့် တိုင်းပြည်ပြင်ပသို့ ထွက်သွားကြသည်။

ဆွီဒင် NGO အစီရင်ခံစာ

****************

ယခုလို အသက်ဆုံးရှုံးကြသည့် ဖြစ်ရပ်များအတွက် အသေးစိတ် အချက်အလက် အတိအကျကို မရနိုင်ပေ။ ဆွီဒင်မှ အစိုးရမဟုတ်သော အဖွဲ့အစည်း Swedwatch က ပြီးခဲ့သည့် ဇွန်လ၌ “Overlooked and Undermined” ခေါင်းစဉ်အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်သည်။ ထောင်ချီသောသူများ မြေဆုံးရှုံးသည်။ ဘ၀ အိုးစားကွဲသည်။ မြေပြိုခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် ရာချီသောသူများ အသက်ဆုံးရှုံကြသည်။ ဤသည်မှာ ကျောက်စိမ်းတူးဖော်ခြင်း ကျင့်ထုံးများ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

စက်ယန္တရားကြီးများ

***********

ထောင်ချီသော ပြည်ပစက်ယန္တရားကြီးများကို ပြဿနာမျိုးစုံတက်နေသော တူးဖော်ရေး စီမံကိန်းများတွင် သုံးစွဲသည်။

အဆိုပါ စက်ယန္တရားများကို ကမ္ဘာ့အဆင့် ထုတ်လုပ်သူများ ဖြစ်သည့် အမေရိကန်မှ Caterpillar ဂျပန်မှ Komatsu ဆွီဒင် Volvo Construction Equipment တု့ိက ရောင်းချပေးထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ Swedwatch က အဆုံးသတ်၌ သုံးစွဲသူများကို စောင့်ကြည့်ရန် အကူအညီ တောင်းခံခဲ့သည်။ Komatsu က တုံ့ပြန်သည်မှာ ဖြန့်ချိရေး ကိုယ်စားလှယ်များက စက်ယန္တရားများ မည်သို့ သုံးစွဲသည်ကို အတည်ပြုချက် ပေးသည့်အပေါ် ယုံကြည်အားထားရခြင်း ဖြစ်ပြီး စက်ယန္တရားများကို ပြန်ခေါ်ယူသိမ်းဖို့သည်မှာ အကန့်အသတ် ရှိသည်ဟု ဆိုသည်။

Volvo က တုံ့ပြန်သည်မှာ မိမိတို့၏ ထုတ်ကုန်များ အကုန်လုံးကို ကမ္ဘာတစ်လွှားမှာ လူ့အခွင့်အရေး ချိုးဖောက်သည့်အရေး ရှိနေနိုင်သည့် အခြေအနေများတွင် အဆုံးသတ်ခြင်း မရှိသည်မှာ စိတ်ချရအောင် လုပ်ပေးနိုင်ခြင်း မရှိပေ။ စက်ယန္တရားများ၏ သက်တမ်းအတွင်း သုံးစွဲသူ အမျိုးမျိုး ရှိနေမည်ဖြစ်ပေရာ မည်သို့ လုပ်ပေးနိုင်မည်နည်း။

အမေရိကန်မှ Caterpillar က ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ တစုံတရာ ပြောကြားခြင်း မရှိပေ။

အကြီးစား တူးဖော်ထုတ်လုပ်မှုသည် ဒမ်ပါ၊ ဘက်ဟိုး၊ မြေတူးစက် စသည့် စက်ယန္တရားကြီးများ ပြည်ပမှ တင်သွင်းခြင်း မပြုဘဲ လုပ်ကိုင်ဖို့ မဖြစ်နိုင်ပေ။ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း စက်ယန္တရားကြီးများ တင်သွင်းခြင်း သိသိသာသာ များပြားလာခဲ့သည်။ ဖြန်ချိရေး ကိုယ်စားလှယ်များ၊ အရောင်းကိုယ်စားလှယ်များက တိုင်းပြည်အတွင်းသို့ တင်သွင်းခဲ့ကြသည်။ တရုတ်နိုင်ငံမှတစ်ဆင့်လည်း တင်သွင်းခဲ့ကြသည်။

ကောင်းကင်ဘုံမှ ကျောက်

**********

တရုတ်တို့က ကျောက်စိမ်းကို ကောင်းကင်ဘုံမှ ကျောက်ဟု သတ်မှတ်ပြောဆိုလေ့ရှိသည်။ ကောင်းကင်ဘုံမှ ကျောက်များ ဝယ်ယူရန် ဇွန်လ အတွင်း ၁၀ ရက်တိုင်တိုင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲသို့ တရုတ်ဝယ်လက်များ လာရောက်ခဲ့ကြသည်။ ယခင်နှစ်ထက် ပိုစည်ကားသည်။ စာရင်းပေးသွင်းသည့် ကျောက်ကုန်သည်ဦးရေ ၄၃၀၀ ရှိသည်။ ၇၀ ရာခိုင်နှုန်းသည် တရုတ်မှ ဖြစ်သည်။ ဤသည်မှာ ကျောက်စိမ်း ကုန်သွယ်မှု၏ တရားဝင်ကုန်သွယ်မှုအပိုင်း ဖြစ်သည်။

တရုတ်ဈေးကွက်တွင် ကျောက်စိမ်း ဝယ်လိုအားသည် နှစ်တိုင်း ပိုများလာနေသည်။ ပွမ်ဒေါင်မှ ကုန်သည်တစ်ဦးက ကျောက်စိမ်းယ်ရန် ဘတ်ဂျက်ကို ယူရို ၁ သန်းအထိ တိုးမြှင့်ထားရသည်ဟု ပြောပြခဲ့သည်။

ထိုသို့ ပြည်ပကျောက်စိမ်းဈေးကွက်တွင် တိုးချဲ့လုပ်ကိုင်နေကြခြင်းများသည် ပြည်တွင်း ကျောက်စိမ်း လက်မှုလုပ်ငန်း တိုးတက်အောင် တည်ဆောက်ဖို့ အထောက်အကူု မဖြစ်သည်မှာ သေချာသည်။ ကျောက်စိမ်းလက်မှုလုပ်ငန်း နယ်ပယ်တွင် တိုးချဲ့လုပ်ကိုင်ရန်နှင့် ခေတ်မီအောင် အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် ငွေလုံးငွေရင်း မရှိချေ။ သို့ဖြစ်ရာ ပြီးခဲ့သည့် ၅ နှစ်အတွင်း တိုးတက်မှု မရသည့်အပြင် ဆုတ်ယုတ်သွားသည်ဟု ကျောက်စိမ်းလက်မှုလုပ်ငန်းရှင်နှင့် လက်လီလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

နောက်ကျကျန်ရစ်

**********

ကျောက်စိမ်း အရိုင်းတုံးကို ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ အချောကိုင်ခြင်း အစရှိသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ကိုင်ပြီးမှ လက်ဝတ်ရတနာ၊ အလှဆင်ရတနာအဖြစ် ရောင်းချရမည် ဖြစ်သည်။ ထိုအမျိုးသမီးက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ရှိ ယူနန်ပြည်နယ်သို့ သွားရောက်လေ့လာသောအခါ မြန်မာ့ ကျောက်စိမ်း လက်မှုပညာ နယ်ပယ်၏ အရည်အသွေးပိုင်း များစွာနောက်ကျကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း သိခဲ့သည်။

သူက Nikki Asian Review ကို ဤသို့ ပြောပြခဲ့သည်။

“သူတို့မှာ ရှိနေတဲ့ ဒီဇိုင်းပိုင်း တတ်ကျွမ်းမှုတွေ ကျမတို့မှာ မရှိဘူး။ သူတို့သုံးတဲ့ စက်မျိုးတွေကို ကျမတို့ မတတ်နိုင်ဘူး”

ထိုအမျိုးသမီးက သူ့အလုပ်ရုံများတွင် တစ်ခုကို ပိတ်ဖို့ အစီအစဉ်ရှိသည်။ အကြောင်း တရုတ်နည်းပညာကို ယှဉ်နိုင်ဖို့ ခဲယဉ်းသောကြောင့် ဖြစ်သည်။ “တရုတ်ကို ကျောက်စိမ်းအရိုင်း ရောင်းလိုက်တယ်။ တရုတ်ကနေ မြန်မာပြည်ကို ပြန်ဝင်လာတာ့ အချောသတ်ထုတ်ကုန်အဖြစ် ဝင်လာတယ်။ ဈေးက အရိုင်းတုံးထက် ၁၀ ဆ ပိုမြင့်တယ်”

ပြည်တွင်း ကျောက်စိမ်းလုပ်ငန်းကဏ္ဍကို တိုးတက်ကောင်းမွန်ဖို့ ပြီးခဲ့သည့်နှစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ၏ ထောက်ကူမှုဖြင့် သင်တန်းစီမံကိန်း စတင်ခဲ့သည်။ ထိုအစီအစဉ်အရ ကျောက်သွေးသမား ၅၀ ဦးကို တရုတ်ပြည်သို့ စေလွှတ်ပြီး နောက်ဆုံးပေါ် အချောကိုင်နည်းလမ်းများ သင်ယူစေခဲ့သည်။

သို့သော် ပြည်တွင်း ကျောက်စိမ်းအချောသတ်ထုတ်ကုန် ထုတ်လုပ်သူများက ကျောက်စိမ်းလုပ်ငန်းကဏ္ဍအပေါ် အစိုးရက အလေးအနက်ထားခြင်းကို ယုံကြည်မှု မရှိချေ။ “အစိုးရအနေဖြင့် အရိုင်းတုံးတွေ တင်ပို့ရတာ ပိုနှစ်သက်မယ်။ အဲဒါက အခွန်ရတယ်။ အစိုးရက ကျွန်တော်တို့ကို သိပ်အရေးမလုပ်ပါဘူး” ဟု ထုတ်လုပ်သူတစ်ဦးက ပြောပြသည်။

သို့သော် ထုတ်လုပ်သည့် ကျောက်စိမ်း အရိုင်းများ၏ ထက်ဝက်ကျော်သည် တရားမဝင် ကုန်သွယ်မှုဖြင့် တရုတ်ပြည်သို့ စီးဆင်းနေပေရာ အစိုးရအနေဖြင့် အခွန်ရနိုင်မည် မဟုတ်ချေ။

ကိုးကား Swedwatch Nikki Asian Review

Export, Import Read 813 times