ဇူလိုင်လမှစ၍ ကျေးရွာများတွင် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးမည်


06 June, 2018

တိုင်းဒေသကြီး သုံးခုအတွင်းရှိ ကျေးရွာများတွင် လာမည့် ဇူလိုင်လမှစပြီး စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်က ပြောခဲ့ပါသည်။

လာမည့်ဇူလိုင်လမှစပြီး စွမ်းအားမြှင့်မီးဖိုတွေကို ကျေးရွာတွေမှာပေးဝေသွားမှာဖြစ်ပါတယ်။ ဒီလိုပေးဝေခြင်းဖြင့် ထင်းသုံးစွဲမှုတွေလျော့ကျလာမယ်။ မီးဘေးအန္တရာယ်တွေလျော့လာစေမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီးသားလည်း ဖြစ်လာမည်ဟု ၎င်းက ပြောခဲ့ပါသည်။

အဆိုပါမီးဖိုသည် လောင်စာမရွေးအသုံးပြုနိုင်ကြောင်းနှင့် ထင်းအသုံးပြုပါက ပုံမှန် ထင်းအသုံးပြုခြင်းထက်၄ဝ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကာ မီးသွေးဖြင့် အသုံးပြုပါကလည်းအပူရှိန်ကို ပုံမှန်ထက် ကြာရှည်အောင် ထိန်းသိမ်းပေးနိုင်မည် ဖြစ်ကြေား သိရပါသည်။

အဆိုပါ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းစီမံကိန်းကို ကိုရီးယားနိုင်ငံရှိ Climate Change Center (CCC) နှင့်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းအတွက် နည်းပညာကို ဃဃဃ နှင့်ကုန်ကျစရိတ်များကို ကိုရီးယားနိုင်ငံရှိကုမ္ပဏီလေးခုမှ ထောက်ပံ့ပေးထားခြင်းဖြစ်ကာ စီမံကိန်းအတွက် လက်မှတ်ရေးထိုးခြင်းကို ယခုနှစ် ဧပြီ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၃ ခုနှစ် ခြောက်နှစ်တာကာလ စီမံကိန်းအတွက် အသုံးပြုမည့်ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၇ဒသမ၂ သန်းဖြစ်ပြီး တစ်နှစ်လျှင် ၁ ဒသမ ၂ သန်းနှုန်းသုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။

စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေမည့်စီမံကိန်းတွင် ပါဝင်သည့် ခရိုင်ခြောက်ခုမှာ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံနှင့်ရမည်းသင်းခရိုင်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနှင့် မကွေးခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းနှင့် မုံရွာခရိုင်တို့ဖြစ်ပြီး အိမ်ထောင်စုပေါင်း၂၁၆,ဝဝဝ ကို မီးဖိုများ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။

အဓိကထားပြီး စွမ်းအားမြှင့်မီးဖိုတွေပေးဝေမယ့် ရွာများသည် လျှပ်စစ်မီးမရရှိတဲ့ ရွာများဖြစ်ပြီး ယခုလောလောဆယ်တွင် ရွာပေါင်း ၂ဝဝ ရွေးထားကြောင်း သိရပါသည်။

တစ်နှစ်အတွက် ခရိုင်တစ်ခုလျှင် မီးဖိုအလုံးရေ ၁၈,ဝဝဝ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ စုစုပေါင်း ခြောက်နှစ်တာ ကာလအတွက် ဖြန့်ဝေမည့် မီးဖိုအလုံးရေမှာ ၅၄ဝ,ဝဝဝ ရှိသည်ဟု ၎င်းက ပြောခဲ့ပါသည်။

စွမ်းအားမြှင့်မီးဖိုများကို ကိုရီးယားနည်းပညာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့နယ်ရှိ ကျေးရွာများတွင်ပြုလုပ်နေကြောင်း၊ တန်ကြေးမှာ တစ်လုံးလျှင် ခန့်မှန်းခြေအဖြစ် အမေရိကန်ဒေါ်လာ လေးဒေါ်လာမှ ငါးဒေါ်လာကြားရှိကြောင်း သိရပါသည်။

 Myanmar Times

Local News Read 570 times