Re - Export စနစ်နဲ့ သကြားတင်ပို့နေတဲ့ ကုမ္ပဏီများအနက် ၅၄ ခုကို မှတ်ပုံတင်ပိတ်သိမ်း


05 February, 2021

Re -Export စနစ်နဲ့ သကြားတင်ပို့နေတဲ့ ကုမ္ပဏီများအနက် ၄၉ ခုကို မတ် ၃၁ ရက်အထိ အမှန်တင်ပို့လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုထားပြီး ကျန်ကုမ္ပဏီ ၅၄ ခုကိုတော့ Re -Export ကတ်ရုပ်သိမ်းကာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်းထားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာမှ အကြောင်းကြားထားပါတယ်။

၂၀၁၉ ခုနှစ် မတ် ၈ ရက် ရည်ညွှန်းပါစာအရ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ  Re -Export စနစ်နဲ့ သကြားတင်ပို့ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်လိုင်စင် သက်တမ်းသုံးလ၊ ပထမအကြိမ် သက်တမ်းတိုးနှစ်လ၊ ဒုတိယအကြိမ် သက်တမ်းတိုးတစ်လ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

စုစုပေါင်းလိုင်စင်သက်တမ်းကာလ ခြောက်လအတွင်း ပြီးပြတ်အောင် တင်ပို့နိုင်ခြင်းမရှိတဲ့ ကုမ္ပဏီ ၁၀၃ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းခြင်း၊ Re -Export ကတ်ရုပ်သိမ်းခြင်း သို့မဟုတ် အခြားနည်းနဲ့ အရေးယူဆောင်ရွက်သွားဖို့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီကို တင်ပြခဲ့ပါတယ်။

ဒါ့ပြင် ဆောင်ရွက်ဆဲကုမ္ပဏီ ၄၉ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် သုံးလပိတ်သိမ်းဖို့နဲ့ လုံးဝတင်ပို့ခြင်းမရှိသေးတဲ့ ကုမ္ပဏီ ၅၄ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်းပေးဖို့ကိုလည်း တင်ပြခဲ့ပါတယ်။

ဒါ့ကြောင့် Re -Export စနစ်နဲ့ သကြားတင်ပို့ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အထက်ဖော်ပြပါကုမ္ပဏီ ၁၀၃ ခုအနက် ဆောင်ရွက်ဆဲ ကုမ္ပဏီ ၄၉ ခုကို ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်မှ ဇွန် ၁၀ ရက်အထိ လုပ်ငန်းရှင်မှတ်ပုံတင် သုံးလ ပိတ်သိမ်းပေးဖို့ ညွှန်ကြားချက်အရ  မတ် ၁၁ ရက်မှစတင်ကာ ပိတ်သိမ်းထားခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း အထက်ပါပိတ်သိမ်းခဲ့တဲ့ ကုမ္ပဏီများမှာ ပို့ကုန်အမှတ်တင်ပို့ဖို့ ဆောင်ရွက်နေစဉ် အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ တင်ပြလာမှုတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းညှိနှိုင်းမှုအဖွဲ့ (EICC) မှာ ဆွေးနွေးခဲ့ရာ ၎င်းကုမ္ပဏီတွေကို ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ အမှန်တင်ပို့လုပ်ငန်းများ ရှင်းလင်းဆောင်ရွက်ခွင့်ပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးရုံးသို့ တင်ပြခဲ့ပါတယ်။

ထို့နောက် ခွင့်ပြုချက်အရ  ၂၀၁၉ ခုနှစ် မတ် ၁၂ ရက် ညနေပိုင်းမှစကာ ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ၎င်းကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လိုင်စင်များ ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ပြီဖြစ်ကြောင်းနဲ့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်ကာလအတွင်း စာရင်းရှင်းလင်းခြင်း မပြုနိုင်တဲ့ ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ပြန်လည်စိစစ်ပေးပို့လာပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ပိတ်သိမ်းနိုင်ရေး ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

Daily Eleven

Export, Import Read 2782 times